နေပြည်တော်(၈)

       ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နောက်ဆုံးပတ်အဖြစ် တည်ဆောက် ထားပုံ၊ တည်ဆောက်လိုရင်း အန္တိမ ရည်မှန်းချက်တွေအကြောင်းကို တင်ပြ ပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော် တည်ဆောက်ထားပုံကို လည်း တင်ပြထားပါတယ်။ သူက နေပြည်တော် ဟာ အခုမှ အတင်းလုပ် တည်ဆောက်ထားတဲ့ အတုအယောင်မြို့တော် ဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီက အင်ကာရာ၊ မလေးရှားက ပူထရာဂျားယားလို လူတွေကတည်ယူတဲ့ မြို့တော်မျိုးပါ။ မြို့တည် ဆောက်ပြီးမှ အုပ်ချုပ်ရေးကိစ္စတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လူနေရာဒေသတွေနဲ့ ဆက် သွယ်ရေး လမ်းပန်းတွေ တည်ဆောက်ယူပါတယ်။ နေပြည်တော်မှာ သူတို့ဖက်က ကြည့်ရင် အားသာချက်က ရန်ကုန်လိုမြို့ပြရဲ့ ရှုပ်ထွေး၊ လမ်းကြောင်းပိတ်ဆို့မှုတွေ မရှိဘဲ နောက်နောင်မှာ လိုအပ်သလို စစ်အစိုးရရဲ့ ရုံးကန္နား၊ အဆောက်အဦတွေကိုလည်း တိုးချဲ့နိုင်ပါသေးတယ်။ နေပြည်တော်မြို့ တည်ဆောက်ထားပုံကို အကြမ်းဖျဉ်းအားဖြင့် ၃- ပိုင်းခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း ဒေသ (အုပ်ချုပ်ရေးနဲ့ ရေပေးသွင်းရေး တူးမြောင်းဆည်တွေ ရှိတဲ့နေရာ)၊ အလယ်ပိုင်းဒေသ (အလားတူ အုပ်ချုပ်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးစေဖို့ တည်ဆောက်ရေးတွေ ရှိတဲ့နေရာ)၊ တောင်ပိုင်း ဒေသ (ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ သံတမာန် ရပ်ကွက်နေရာ) တွေ ဖြစ်ပါတယ်။ ဒီလို ဒေသတွေကို သေချာပိုင်းခြားထားပြီး၊ ပိုမိုထိ ရောက်စွာ ကွပ်ကဲ ထိန်းသိမ်းဖို့ ဦးတည်ထားတာက သိသာပါတယ်။ မြောက်ပိုင်းဒေသမှာ ဝန်ကြီးဌာန အများ အပြား တည်ရှိပါတယ်။ အဲဒါအပြင် မြို့ပြကို ရေထောက်ပံ့နေတဲ့ ချောင်းမကြီးဆည်လည်း တည်ရှိပါတယ်။ အဲဒါအပြင် မြို့တော်ဂေါက်ကွင်းကို ဆည်နဲ့ ငလိုက် ချောင်းကြား တည်ထားပါတယ်။ စစ်အစိုးရအရာရှိတွေ အပန်းဖြေဖို့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အလယ်ပိုင်းမှာတော့ လူနေရပ်ကွက်ဖြစ်ပြီး၊ ကုတင် ၁ဝဝဝ ဆန့် ဆေးရုံ အပါအဝင်၊ ကုန်တိုက်တွေ၊ မြို့မဈေး၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသားဇာတ်ရုံ၊ တချို့ဝန်ကြီးဌာန တွေ၊ ရဲဌာနနဲ့ နေပြည်တော် ဖွံ့ဖြိုးရေးကော်မီတီရုံးတွေ တည်ထားပါတယ်။ တောင်ပိုင်းမှာတော့ မင်္ဂလာသိဒ္ဓိ ရပ်ကွက်လို့ လူသိများပြီး အကွက်အလိုက် စီးပွားရေးလုပ်ငန်းတွေကို အငှားချထားတာပါ။ 
            အဲဒါအပြင် သံတမာန်ကျောင်းတွေ၊ ဟော်တယ်တွေ တည်ရှိ ပါတယ်။ အဲဒါအပြင် နေပြည်တော်မြို့တော် တည်တဲ့နေရာမှာ ဗိသုကာဒီဇိုင်း၊ မြေပြင် ဥယျာဉ် ရွေးချယ်ပြင်ဆင်မှုတွေကိုလည်း အထူးစီမံထားတယ် ဆိုပါတယ်။ ဘယ်လိုပဲ လှပနေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထား၊ ပြင်ဆင်ထား နေပြည်တော်က "အသက်ဝိဉာဉ်မရှိတဲ့မြို့" လို့ ဧရာဝတီမဂ္ဂဇင်း ဆောင်းပါးတပုဒ်က ရေးဖူးပါတယ်။ အဲဒါအပြင် အခြားရည်မှန်းချက်တွေလည်း ရှိနေနိုင်ပါ တယ်။ ဗေဒင်ယတြာ၊ ကက်ကင်းသဘောဆန်ဆန် ဝန်ကြီးဌာနရုံးတွေကို ကင်းမြီးကောက် လက်မထောင်နေတဲ့ ပုံစံ တည်ဆောက်ထားတယ်၊ ဒါဟာ နာမ်ပိုင်းဆိုင်ရာသဘော ထည့်သွင်းတွက်ချက်မှုတွေနဲ့ တည်ထားတယ် ဆိုတာ ကိုးကားဖော်ပြထားပါတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ လောကအမြင်ကို ထင်ဟပ်နေတာလည်း ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် နေပြည်တော်မြောက်ဖက်မှာရှိတဲ့ ချောင်းမကြီးဆည်မှာ တည်ထားတဲ့ လေး ကျွန်းမဏ္ဍိုင် ပြည်လုံးချမ်းသာစေတီကို ဆိုရင် ဝန်ကြီးဌာနအများစု ဝန်ထမ်းက မြင်နေရပြီး၊ နေပြည်တော်ရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာပြယုဂ်လို့လည်း ဆိုနိုင်ပါတယ်။ နေပြည်တော်မှာ ထူးခြားတဲ့ပြယုဂ်ဆိုလို့ ရှေးဗမာဘုရင်တွေရဲ့ ရုပ်ထုကြီး ၃-ခုကလည်း ရှိပါသေးတယ်။ 
             ဒီရုပ်ထု ကြီးတွေက နေပြည်တော်စစ်ရေးပြကွင်းကို စိုးမိုးကြည့်နေကြပြီး၊ ဒီရှေးဗမာဘုရင်တွေက ဒီနေ့စစ်အစိုးရ တွေး ခေါ် စဉ်းစားချက်တွေကို ကိုယ်စားပြုနေတယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ အဲဒီရုပ်ထု (၃) ခုက အနော်ရထာ ဘုရင်၊ ဘုရင့်နောင်မင်းတရားကြီးနဲ့ အလောင်းဘုရားတို့ ဖြစ်ပါတယ်။ ဒီမင်းတွေက တချိန်က အင်အားနဲ့ တိုင်းပြည်စုစည်း တည်ထောင်ခဲ့ကြသူတွေဖြစ်သလို ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ခဲ့ ကြတယ်လို့ မြန်မာအများစုက မြင်ထားကြပါတယ်။ ဒီကနေ့ မြန်မာ့တပ်မတော်ဟာလည်း အခုရှေးဘုရင်တွေ ရဲ့ အစဉ်အလာကို ဆက်ခံပြီး ပေါက်ဖွားလာတယ်ဆိုတာမျိုး ဗိုလ်ချုပ်သန်းရွှေက ၂ဝဝ၆ ခုနှစ်၊ မတ်လ တပ် မတော်နေ့ မိန့်ခွန်းမှာ ပြောခဲ့ပါသေးတယ်။ 
            သူကလည်း စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူ၊ နောက်ထပ် မင်းဆက်တခုကို တည်ထောင်သူလို့ ယူဆထားပုံလည်း ပေါ်ပါတယ်။ အဲဒါအပြင် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံ ဘုရားနဲ့ပုံတူ ဥပတ္တသန္တိစေတီတော်ကိုလည်း နေပြည်တော်မှာ တည်ထားခဲ့ပါသေးတယ်။ အရေးအကြီးဆုံးကတော့ နေပြည်တော်ဟာ ရှေ့တိုးရင်လည်း ထိုးစစ်၊ နောက်ဆုတ်ရင်လည်း ခံစစ်ဆင်နိုင်တဲ့ စစ်ခံတပ်မြို့တော်တခုလို တည်ထားတာလည်း ထည့်သွင်းစဉ်းစားစရာ ရှိပါသေးတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြက လူထုတွေ အုံºကွဆန့်ကျင်မှုကို စိုးရိမ်လို့ပဲဆိုဆို၊ ပင်လယ်က ကမ်းတက်တိုက်ခိုက်လာမယ့် အရေးကို စိုးရိမ်လို့ပဲ ပြောပြော အခြားအရေးပါတဲ့ စစ်စခန်းတွေနဲ့ ဆက်စပ်တည်ဆောက်ထားတာကတော့ အမှန်ပါပဲ။ တဖက်မှာ စစ်တက္ကသိုလ်ရှိတဲ့ မေမြို့၊ လေတပ်၊ အခြားစစ်တပ်အများ အခြေစိုက်ထားတဲ့ မိတ္ထီလာ၊ တောင်ငူ တို့နဲ့ ဆက်စပ် ထားတာပါ။ 
            မင်းတုန်းမင်းလက်ထက်တုန်းက ရေကြောင်းက အင်္ဂလိပ်တွေကျူးကျော်လာမှာကို စိုးရိမ်လို့ နန်း တော်ကို အမရပူရကနေ ပိုလို့ကုန်းတွင်းကျရာ မန္တလေးကိုရွှေ့တယ်လို့ စာရေးသူ ဒူယာပက်က ဖော်ပြခဲ့ပါတယ်။ အခုအခါ နေပြည်တော်မြို့တော်ကိုလည်း မြစ်မကြီး ဧရာဝတီမြစ်ကမ်းပေါ်မတည်ဘဲ သင်္ဘော တွေ မဝင်နိုင်တဲ့ စစ်တောင်းမြစ်များမှာ တည်ထားတဲ့ကိစ္စက ဒီလိုသေနင်္ဂဗျူဟာကို ပြန်စဉ်းစားပုံရတယ်လို့ သုံးသပ်ဖော်ပြ ခဲ့ပါ တယ်။ တချိန်တုန်းက ထိုင်းနိုင်ငံမှာလည်း ၁၉၃၈-၄၄ ဒုတိယကမ္ဘာစစ် ကာလများမှာ ထိုင်း ဗိုလ်ချုပ်ကြီး ဖီးလ် မာရှယ် ပီဘွန်ဆောင်ခရမ်က မြို့တော်ကို ဘန်ကောက်ကနေ ရေတပ်ရန် အန္တရာယ်ဝေးရာ ပက်ချဘွန်းကို ရွှေ့ခဲ့ဖူးပါတယ်။ အခုနေပြည်တော် ရွှေ့ပုံကလည်း ပက်ချဘွန်းကို ရွှေ့ပုံနဲ့ သိပ်တူတယ်လို့ သူက ဖော်ပြ ထားပါ သေးတယ်။ နေပြည်တော်က စစ်အစိုးရရဲ့ အာဏာကို ပြလိုလို့ တည်ဆောက်တဲ့ မြို့ဖြစ်သလို၊ နိုင်ငံရေး-လုံခြုံ ရေး၊ စစ်ရေးအကြောင်းများစွာ ထည့်သွင်းစဉ်းစားတည်ဆောက်ထားပါတယ်။ မြို့ပြလို စည်ပင်အောင် လုပ် ဆောင်နေပေမယ့်၊ လုံခြုံရေးအကြောင်းတွေနဲ့ ခံတပ်တခုလို အခိုင်အမာ ခံကတုတ်တွေ၊ မြေအောက်ဥမင်တွေနဲ့ တည်ဆောက်ထား တယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ 
            ဒါတင်မက နေပြည် တော်မှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေ၊ လူထုတွေက အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ်လို့ စဉ်းစားဖို့ဆိုတာ စိတ်ကူး ထဲတောင် မဖြစ်နိုင် ပါဘူး။ ခဏကလေးနဲ့ ချေမှုန်း ခံလိုက်ရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသစ် ဖြစ်ပေါ်တိုးတက်မှုအနေအထားတွေ အရ မြန်မာနိုင်ငံမှာ အာဏာဗဟိုချက်မကတော့ ၂- ခုဖြစ်လာနိုင်တယ် ဆိုတာ စာရေးသူက စာအုပ်နောက်ဆုံးမှာ သုံးသပ်ထားခဲ့ပါတယ်။ စစ်အစိုးရ လွှမ်းမိုး နေမယ့် နေပြည်တော် ရယ်၊ လူများစုနဲ့ စည်ပင်ရာ ဒီမိုကရေစီ အတိုက်အခံတွေရှိရာ၊ ၁၉၈၈ လူထုအုံကြွမှု ကြီးတွေ၊ ၂ဝဝ၇ သံဃာဆန္ဒပြပွဲတွေ ဖြစ်ပွားဖူးရာ ရန်ကုန်ကလည်း နောက်ထပ် အာဏာဗဟိုချက်မတခုအဖြစ် ဆက်လက် တည်ရှိနေလိမ့်မယ်။ ဒီမြို့ ၂-ခုအကြား အားòပိင်မှုတွေလည်း ဆက်လက်တည်ရှိနေလိမ့်မယ်ဆိုတာ သုံးသပ် ဖော်ပြခဲ့ကြောင်းပါ ခင်ဗျား။ ဒီစာအုပ်ကို အခုလောက်ပဲ နိဂုံးချုပ်ပါရစေ။ 
                နောက်တပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံရဲ့ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်းဆိုတဲ့ စာအုပ်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။ (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၇)

ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အခုနေပြည်တော် မြို့တော်သစ် တည်နေရာ၊ တည်ဆောက်ထားပုံ၊ တည်ဆောက်နေပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က အခုနောက်အခန်းမှာတော့ နေပြည်တော် မြို့သစ်တည်တဲ့ တည်နေရာ၊ တည်ဆောက်နေပုံ၊ တည်ဆောက်ထားပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါတယ်။ နေပြည်တော် မြို့သစ် တည် ဆောက်တဲ့နေရာက မြန်မာနိုင်ငံ ခြောက်သွေ့ဇုန်ရဲ့ တောင်ဖက်အစပ်မှာ တည်ရှိပြီး၊ စစ်တောင်းမြစ်ဝှမ်း အထက်ပိုင်းမှာ တည်ရှိပါတယ်။ အနောက်ဖက်မှာ ပဲခူးရိုးမနဲ့ အရှေ့ဖက်မှာ ရှမ်းကုန်းပြင်မြင့်တို့က ဝိုင်းရံထား ပါတယ်။ ဒီဒေသမှာ မြစ်ဝှမ်းလွင်ပြင်၊ တောင်စောင်းဆင်ခြေလျောတွေ၊ တောင်တန်းဒေသတွေ ပါဝင်လို့ မြို့သစ် ဒီဇိုင်းဖော်တဲ့သူတွေ စိတ်ကြိုက်တွေ့စေမယ့် မြေမျက်နှာသွင်ပြင်ရှိတယ်လို့ ဆိုရမယ်လို့ စာရေးသူက ဆိုပါ တယ်။ အဲဒါအပြင် ရမည်းသင်းဒေသတောင်ဖက်က မြစ်ဖျားခံလာတဲ့ စစ်တောင်းမြစ်အဖျား မြေနိမ့်ဒေသမှာ ရှိနေလို့ ရေပေါများမယ်၊ မြေဆီသြဇာကောင်းပြီး စိုက်ပျိုးရေး ဖြစ်ထွန်းမယ်၊ ရေအားလျှပ်စစ် စွမ်းအင်ဖွံ့ဖြိုး ထုတ်လုပ်မှုတွေနဲ့ ဓာတ်သတ္တုသယံဇာတတွေ၊ သစ်တောတွေကလည်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ် စေနိုင်တယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ အဲဒါအပြင် တောင်တန်းတွေ ဝန်းရံနေလို့ သေနင်္ဂဗျူဟာစစ်ရေး အရ အရေးပါတဲ့ ခံစစ်နယ်မြေ ဖြစ်တယ်လို့လည်း သူက ဆိုထားပါတယ်။ စာရေးသူ ဒူယာပက်က နေပြည်တော်တည်ဆောက်ရာ ပျဉ်းမနားရဲ့ သမိုင်းကိုလည်း ရှေးဟောင်းကျောက်ဖြစ် ရုပ်ºကွင်းတွေ တူးဖော်ထုတ်တဲ့ ပညာအရ လေ့လာဆန်းစစ်ချက်တွေကို နောက်ကြောင်းလိုက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အပူပိုင်းဇုန် တောင်ဖက် ဒီဒေသတွေမှာ ကျောက်ခေတ်နှောင်းကတည်းက လူတွေ အခြေချနေ ထိုင်ကြတယ် ဆိုပါတယ်။ ပျဉ်းမနားနဲ့ ရမည်းသင်းဒေသတွေမှာ လူတွေ နေထိုင်ဖွံ့ဖြိုးမှုက အတူတူနီးပါး လောက် ဖြစ်ခဲ့တယ် ဆိုပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်း၊ လက်နက်၊ လက်ဝတ်တန်ဆာတွေ ကြည့်ပြီး ဆိုခဲ့ကြတာပါ။ ပုဂံ မင်းဆက်ပျက်ပြီးနောက်မှာ တရုတ်ရန်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေက တောင်ငူဒေသကို ထွက်ပြေး လာရာမှာ ပျဉ်းမနားလွင်ပြင်ကို ဖြတ်ပြီးဆင်းခဲ့ကြရပါတယ်။ တောင်ငူမင်းဆက်ထူထောင်တဲ့ ကာလ တလျောက်လုံးမှာလည်း ဒီဒေသလူတွေကို စည်းရုံးခဲ့ကြရတာပါ။ ကုန်းဘောင်မင်းဆက်ကာလမှာတော့ ပျဉ်းမနားကို "နယ်ကျန်"လို့ ခေါ်တယ်ဆိုပါတယ်။ ကျွင်းကျန်ရစ်တဲ့နယ်မြေ သဘောပါ။ ကာလရွေ့လျောလာ တော့ "နင်းကျန်း" အမည်ဖြစ်လာပါတယ်။ သဘောကတော့ ပေါင်းကူးတံတားဖြစ်ပါတယ်။ ငလိုက်ချောင်းကို ဖြတ်လို့ ကုန်ကူးရာ ရွာကောက်ရပ်ကိုဖြတ်တဲ့တံတားကို အမှီပြုခေါ်တာပါ။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခု နှစ်မှာတော့ ပျဉ်းမနားမှာ လောကမာရဇိန်ဘုရားတဆူ တည်ထားခဲ့ပါသေးတယ်။ နောက်ပိုင်း ဗြိတိသျှကိုလိုနီ လက်ထက်မှာတော့ ဗြိတိသျှအုပ်ချုပ်သူတွေက ပျဉ်းမနား၊ ရမည်းသင်းလွင်ပြင်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒီဒေသမှာ ရေချိုပေါလို့ စိုက်ပျိုးရေးဖြစ်ထွန်းမယ်လို့ ယူဆ ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒုတိယကမ္ဘာစစ်မတိုင်မီ ကတည်းက စိုက်ပျိုးရေးကျောင်းတခုကို အမေရိကန် သာသနာပြု မစ်ရှင်အဖွဲ့တခုက တည်ဆောက်ခဲ့တာပါ။ နောက်ပိုင်းတော့ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ဖြစ်လာပါတယ်။ တခါ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဖက်ဆစ်ဂျပန်တွေကို တော်လှန်ဖို့ ဘီအိုင်အေက အခြေချရာ ရွေးချယ်ခဲ့တဲ့နေရာအဖြစ် သမိုင်းရှိထားတဲ့နေရာလည်း ဖြစ်ပါတယ်။ အခု မြို့တော်သစ်တည်ဆောက်မှုနဲ့ ပတ်သက်လို့ စာရေးသူ ဒူယာပက်က သုံးသပ်ဖော်ပြခဲ့ရာမှာ ဒီလိုပြင်ဆင်မှု တွေက ၇-နှစ်၊ ဆယ်နှစ် ပတ်ဝန်းကျင်လောက် အချိန်ယူပြီး ရှိနေခဲ့တယ်လို့ သုံးသပ်ပါတယ်။ သူက ဒီလို သုံးသပ် ရာမှာ စစ်ခေါင်းဆောင်တွေက တည်ဆောက်ပြုပြင်ရေး လိုက်ကြည့်တဲ့ ခရီးစဉ်အပေါ် သုံးသပ်တာပါ။ ဒီလို နဲ့ ၂ဝဝ၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှာမှ နေပြည်တော်မြို့သစ်ပေါ်ပေါက်လာပါတယ်။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်ကဝန်ထမ်းတွေ၊ ဝန်ကြီးဌာနတွေကို တက်သုတ်ရိုက်ပြောင်းစေပြီး၊ ၂ဝဝ၆ ခုနှစ်၊ မတ် လမှာတော့ တပ်မတော်နေ့ အခမ်းအနားချီတက်ပွဲကို သူတို့နေပြည်တော်မြို့သစ်မှာ ထုတ်ပြပါတော့တယ်။ နေပြည်တော်မြို့သစ်ဆိုတာက ကျပ်ပြေး၊ ကျွတ်ပြေး၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ အေလာ၊ ရွာတော်ဒေသ တွေကို ပေါင်းထားတာပါ။ အဲဒီနေရာမှာ နေပြည်တော် စည်ပင်သာယာရေးကော်မီတီဆိုတာ ဖွဲ့စည်းပြီး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဗိုလ်ချုပ်သိန်းညွန့်ကို မြို့တော်ဝန်ခန့်ထားခဲ့ပါတယ်။ အဲဒါအပြင် နေပြည်တော် စစ်တိုင်းဌာနချုပ်ဆိုပြီး စစ်ရေးအရလည်း ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံမှာ ဆင်းရဲမွဲတေမှု ထူပြောနေစဉ်မှာ နေပြည်တော်မှာ ဆောက်လုပ်ရေးတွေက အပြီးမသတ်နိုင်သေးပါဘူး။ ၄ဝဝ စတုရန်းမိုင် အကျယ်အဝန်းပေါ်မှာ စိတ်ရှိတိုင်းဆောက်နေလိုက်တာ ဒေါ်လာငွေတွေလည်း သန်း အမြောက်အများ ကုန်ကျနေပြီ ဖြစ်ပါတယ်။ စာရေးသူက အစီရင်ခံစာတခုကို အခြေခံပြီးတွက်ပြတဲ့နေရာမှာ နေပြည်တော်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သား ၈ဝ,ဝဝဝ ရှိတယ် ဆိုပါစို့။ တယောက်ကို လုပ်ခတနေ့ ၁၅ဝဝ ကျပ်ပဲ ပေးတယ်ထား၊ တနှစ်လုံး လုပ်အားခချည်းပဲသက်သက် ၄၃. ၈ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာနဲ့ ၃၂ သန်းကျော်) ကျတယ်ဆိုပါတယ်။ ဒါဟာ ကျန်တဲ့ဆောက်လုပ်ရေး စက်ကိရိယာ၊ ပစ္စည်းတန်ဖိုးတွေ မပါသေးပါဘူး။ ဒီငွေတွေက ငွေကြေးရိုက်နှိပ်ထုတ်ဝေဖို့ ဖြစ်လာပြီး ဗဟိုဘဏ်ကချေးခဲ့ရပါ တယ်။ ၂ဝဝ၃ ခုနှစ်မှာ အစိုးရက ဗဟိုဘဏ်က ချေးငွေ ဒေါ်လာ ၉၆ဝ သန်းပဲ ရှိနေရာက၊ (Economic Intelligence Unit) ရဲ့ အဆိုအရ ၂ဝဝ၅-ဝ၆ မှာ ဒေါ်လာသန်း ၁၇ဝဝ (နှစ်ဆကျော်) တိုးများလာတယ်လို့ ဖော် ပြပါတယ်။ အခုတည်ဆောက်မှုတွေက ပြီးဆုံးဖို့လမ်းလည်း မမြင်သေးပါဘူး။ မြို့တော်တွေ ပြောင်းရွှေ့တဲ့ကိစ္စ ကို အထူးပြုလေ့လာထားသူ ကနေဒါ တိုရွန်တို တက္ကသိုလ်က ပညာရှင် အက်ဒ် ရှော့ဇ် (Ed Schatz) ရဲ့ လေ့လာ ချက်ကို သူက ကိုးကားဖော်ပြရာမှာတော့ ဘရာဇီးနိုင်ငံမှာ မြို့တော်ကို ရိုင်ယိုဒီ ဂျနီးရိုးကနေ ဘရာ ဆီးလီးယားကို ပြောင်းတာ ၄၁ လကြာခဲ့တယ်။ အစီအစဉ်တွေ သေချာချတာတောင် ကုန်တိုက်တွေက နောင် ၁၁-နှစ်အကြာမှ ဖွင့်နိုင်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ကရာချိကနေ အစ္စလမ်မာဘတ်ကို မြို့တော် ပြောင်းရာမှာ ၁၉၆၇ ခုကနေ၊ ၁၉၈ဝ ခုနှစ်တွေအထိ ကြာခဲ့တယ်လို့ ဖော်ပြပါတယ်။ ကာဇက်စတန် နိုင်ငံမှာလည်း မြို့တော်ကို အယ်လ်မာတီကနေ၊ အက်စ်တာနာကို ပြောင်းရာမှာ ကုန်ကျငွေ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ လျာထားခဲ့ပေမယ့်၊ ကုန်ကျငွေက ပိုများခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရငွေသုံးစွဲမှုက ပွင့်လင်း မြင်သာမှု မရှိတော့ ဘယ်လောက်ကုန်ကျတယ်ဆိုတာ သေချာ မသိနိုင်ကြပါဘူး။ အခု ဆောက်လုပ်ရေး လုပ်ငန်းတွေက အကျိုးအမြတ်ဖြစ်နေကြတာကတော့ ဆောက်လုပ်ရေးကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အေးရှားဝေါ၊ ထူးထရေးဒင်း၊ အေဒင် ဂရုပ်၊ မက်စ် မြန်မာနဲ့ ရွှေသံလွင်အုပ်စုတွေက ကန်ထရိုက် ရကြပါတယ်။ အစိုးရက ကုမ္ပဏီတွေကို ပိုက်ဆံမရှင်းနိုင်ဘူးဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာ ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့က လုပ်ပိုင်ခွင့်ပါမစ်တခုခုကို ချပေးပြီး ချေလိုက်တာမျိုးလည်း ရှိခဲ့ပါတယ်။ အခု လို ဆောက်လုပ်ရေးတွေ၊ လုပ်ငန်းကြီးတွေ ရောက်လာတော့ ဒေသခံမြို့လူထုတချို့ လုပ်ငန်းကိုင်ငန်းကောင်း လာတာတော့ အကောင်းပြောစရာ ရှိပါတယ်။ ဒါပေမယ့် မြို့တော်သစ်အတွက် ကုန်ကျစရိတ်တွေကို တနိုင်ငံ လုံးက ကျောကုန်းခံနေကြရတာပါ။ နောက်တပတ်မှာတော့ မြို့ပြဒီဇိုင်းဆင်ထားပုံ၊ မြို့တော်သစ်ရဲ့ လက္ခဏာ ချင်းရာတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

နေပြည်တော်(၆)

                  ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharashh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက် နေပါတယ်။ ဒီတပတ်မှာတော့ လူမှုရေး-ယဉ်ကျေးမှု ရည်ရွယ်ချက် တွေနဲ့ "နေပြည်တော်" မြို့တော်သစ်ကို ပြောင်းရွှေ့ရ တယ်ဆိုတဲ့ စာရေးသူရဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က မြန်မာစစ်အစိုးရ နေပြည်တော်ကို မြို့တော်သစ် ပြောင်းရွှေ့ရတဲ့အကြောင်း သုံးသပ် ထားတဲ့ နေရာမှာ လူမှုရေး-ယဉ်ကျေးမှုအကြောင်းပြချက်တွေလည်း ပတ်သက်နေနိုင်တယ်လို့ သုံးသပ် ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အစိုးရ အာဏာသိမ်းပြီး တက်လာတဲ့အခါမှာ သူတို့အာဏာသိမ်းတာဟာ တရားဝင်ဖြစ်ကြောင်း ပြသဖို့ လိုလာပါတယ်။
               တဖက်မှာလည်း မြန်မာလူမျိုးတွေရဲ့ ဇာတိပုည ဂုဏ်မာန၊ ရှေးယခင်က ဘုရင်များရဲ့ အကြွင်းမဲ့အာဏာ ပိုင်စိုးမှု၊ တန်ခိုးသြဇာ ကြီးထွားခဲ့တဲ့ အကြောင်းတွေ၊ ယဉ်ကျေး မှုအရ တညီတညွတ်တည်း ဖြစ်ခဲ့တဲ့ သမိုင်းကိစ္စတွေနဲ့ သူတို့အခု အာဏာသိမ်းထားတာကို ဆက်စပ်ပြဖို့ လိုလာပါတယ်။ စစ်အစိုးရရဲ့ ရည်ရွယ်ချက်က (State building) လို့ ခေါ်တဲ့ နိုင်ငံတော်တခုကို စနစ်တကျ တည်ဆောက်တဲ့ ပုံသဏ္ဍာန်မျိုး မဟုတ်ပါဘူး။ စိတ်ဓာတ်ရေးရာ၊ ယဉ်ကျေးမှု၊ အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ ကိစ္စတွေ အကြောင်းပြုလို့ သူတို့အာဏာကို ခိုင်လုံစေချင်တဲ့ သဘောပါ။ စစ်အစိုးရက ပြောနေတဲ့ ရည်ရွယ် ချက်ကြီး ၁၂ ခုထဲက လူမှုရေး ဦးတည်ချက်တွေမှာ ဆိုရင် "အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မာရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား ရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး" စတာတွေ ပါဝင်ပါတယ်။ 
            ဒီလို ရည်မှန်းချက်တွေကို ပြန်ကြည့်တော့လည်း ယဉ်ကျေးမှုဆိုတာက ဗမာတွေ ယဉ်ကျေးမှုကို ဦးထိပ်တင်ထားတာ၊ ယဉ်ကျေးမှုပြိုင်ပွဲတွေမှာ ကရင်-ကချင် ဝတ်စုံနဲ့ ရှေးမြန်မာသီချင်းကြီး သီချင်းခန့်ကို စောင်းနဲ့ တီးပြစေတဲ့ ယဉ်ကျေးမှုမျိုး၊ စစ်အစိုးရက ဦးဆောင်တဲ့ နိုင်ငံခြားသား မုန်းတီးရေးနဲ့ ကိုယ့်အမျိုးသားရေးကို ထူထောင်တာမျိုး ဖြစ်နေပါတယ် ဒီလိုကိစ္စတွေ ပြန်ဖော်ကြတဲ့အခါမှာ မြို့တော်ဆိုတာက သိပ်ပြီး အခရာ ကျပါတယ်။ အာဏာ၊ ယဉ်ကျေးမှု ကိစ္စတွေရဲ့ ဗဟိုချက်မကို ကိုယ်စားပြုသလို၊ အရင်က ဘုန်းတံခိုး သြဇာတိက္ကမကြီးခဲ့တဲ့ အင်ပိုင်ယာပြည့်ရှင် ဘုရင်တွေနဲ့ သူတို့ကို သူတို့ စစ်ခေါင်းဆောင်တွေက ပုံဖော်နိုင်ပါ သေးတယ်။ ဒီလို အကြောင်းကိစ္စတွေ ကိုတော့ စာရေးသူ ဒူယာပက် က အကြောင်းပြချက် ၃-ခု ခွဲခြားဖော်ပြပါတယ်။ ပထမအချက်က ရှေးဘုရင်တွေရဲ့ ဆက်စပ်ချင်တဲ့အကြောင်းလို့ ပြောပါတယ်။ 
               မြန်မာနိုင်ငံက အုပ်ချုပ်သူတွေက ဘာသာရေးကိစ္စတွေနဲ့ ရှေးစဉ်လာ ဘုရင်တွေအကြောင်းတွေကို သိပ်ပြီးပြန်လည်ထူထောင်ချင်ကြတယ်လို့ ဆိုပါတယ်။ အရင် ပါတီစုံခေတ် ဝန်ကြီးချုပ်ဦးနုတုန်းကလည်း ဆဌသံဃာရနာတင်တာမျိုးလုပ်ခဲ့ပါသေးတယ်။ မင်းတုန်းမင်းကြီးလို သာသနာပြုမင်းလို့ ခံယူချင်တာမျိုးပါ။ အလားတူ ဦးနေဝင်းကလည်း မဟာဝိဇယစေတီ တည်ပြီး၊ ဘုရားထီးတော်တင် တဲ့အချိန် ၁၉၈၆ ခုနှစ်မှာ အကျဉ်းသားတွေကို ဓမ္မရာဇ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အခု စစ်အစိုးရတက်လာတော့လည်း ယဉ်ကျေးမှုမြ‡င့်တင်ရေး ဆိုပြီး၊ ရှေးရိုး ဆင်ယင်မှုတွေနဲ့ လှေခင်းမြင်းခင်း သဘင် တွေ လုပ်ခဲ့ပါသေးတယ်။ အဲဒါအပြင် ပုဂံဘုရားပုထိုးတွေကို ပြုပြင်တာ၊ ဘုရင့်နောင်ဘုရင်ရဲ့ ကမ္ဘောဇ သာဒိနန်းတော်ကို ပြန်ဖော်ထုတ်တာ၊ ပုဂံ ပြသာဒ်တော်ကြီးဘုရား၊ နန်းမုတ်ဦးကို မွမ်းမံတာ၊ အင်းဝနန်းတော် မြို့ရိုး ပြန်ဖော်တာ၊ မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကို ပြန်ပြုပြင်တာတွေ လုပ်ခဲ့ပါတယ်။ 
                အရင် ဆင်ဖြူရှင် နဲ့ မင်းတုန်းမင်းတို့လိုပဲ ၁၉၉၉ မှာ ရွှေတိဂုံဘုရားကို ထီးတော်ပြန်တင်ခဲ့ပါသေးတယ်။ ၂ဝဝဝ ခုနှစ်မှာကျတော့ မင်းဓမ္မ စကျင်ကျောက်နဲ့ ဗုဒ္ဓြွရုပ်ပွားတော်ကြီး တည်ပြန်ပါတယ်။ ဆင်ဖြူတော်တွေ့တယ်ဆိုပြီးတောင် ဆင်ကို ရာဇဂဟ သီရိပစ္စယာ ဂဇရာဇလို့ နာမည်ပေးခဲ့ပါသေးတယ်။ အဓိပ္ပါယ်ကတော့ နိုင်ငံ့ကျက်သရေဆောင်လို့ ခေါ်နိုင်ပါတယ်။ အဲဒါအပြင် စစ်အစိုးရ ဗိုလ်ချုပ်တွေက သူတို့ကိုယ်သူတို့ လူဝင်စားဘုရင်တွေလို့လည်း မှတ်ကြပါသေးတယ်။ ဗိုလ်ချုပ် စောမောင်က သူ့ကိုယ်သူ ကျန်စစ်သားလို့ ပြောခဲ့သလို၊ ဗိုလ်ချုပ်ခင်ညွန့်က ဘုရင့်နောင်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ကျတော့ ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားနဲ့ သူ့ကိုယ်သူ ထင်ထား တယ်လို့ ဆိုပြန်ပါတယ်။ အခုလို နေပြည်တော် နန်းမြို့သစ်ထူထောင်တာက ဒီလို အတိတ်က ရွှေထီး ဆောင်း ခဲ့တာတွေ ပြန်ဖော်ရာရောက်သလို၊ သူ့ခေတ် သူ့အခါ မျိုးဆက်တခု ထူထောင်တာလည်း ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဗေဒင်လက္ခဏာနဲ့ စပ်ဆိုင်တဲ့အကြောင်းတွေပါ။ 
                ဗမာမင်းတွေက ထေရဝါဒဗုဒ္ဓဘာသာ အပြင်၊ ဟိန္ဒူနက္ခတ်ဗေဒ၊ ဗရာမင် ဗေဒင်အခါပေးတွေကိုလည်း ယုံကြည်အားထားကြပါတယ်။ တချိန်က သူတို့ ကို အခါပေးကြတဲ့ ပုဏ္ဏား ဟူးရားဖြူ၊ ဟူးရားညိုတွေကိုလည်း ဆည်းကပ်ခဲ့ကြပါတယ်။ ဦးနေဝင်း တုန်းကလည်း ၉ ဂဏန်းကို အင်မတန် ယုံကြည်တယ်လို့ လူသိများခဲ့ပါတယ်။ တခါ အခု စစ်ဗိုလ်ချုပ်တွေကာလမှာလည်း ဗိုလ်ချုပ်ခင်ညွန့်ဆိုရင် ဘိုးတော် သန်းလှကို ကိုးကွယ်တယ်၊ ဗိုလ်ချုပ်သန်းရွှေနဲ့ သူ့ဇနီးဒေါ်ကြိုင်ကြိုင် ဆိုရင် လည်း သီလရှင်တပါးကို ကိုးကွယ်တယ်၊ ဗေဒင်နက္ခတ်တွေ သိပ်ပြီး အယုံအကြည်ကြီးတယ်လို့လည်း ဆိုကြပါ တယ်။ အဲဒါအပြင် မြန်မာလူမျိုးတွေရဲ့ ယေဘုယျ ယုံကြည်မှုတွေအရ နေကြတ်ရင်၊ လငပုတ်ဖမ်းရင်၊ ငလျှင်ကြီး လှုပ်ရင် စတဲ့ သဘာဝကပ်ဘေးကြီးတွေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကိုလည်း ဆက်စပ်စဉ်းစားလေ့ ရှိကြပါသေး တယ်။ အခု ဗိုလ်ချုပ်သန်းရွှေရဲ့ စိတ်ကြိုက်ဂဏန်းက (၁၁) ဖြစ်ပြီး၊ အရေးပါတဲ့ နိုင်ငံရေးဆုံဖြတ်ချက်တွေလုပ်ရင် အဲဒီ ဂဏန်းအတိုင်း လုပ်ဆောင်နေတတ်တယ်ဆိုတာတောင် ဒူယာပက်က ထည့်ပြီး ဖော်ပြခဲ့ပါသေးတယ်။ တတိယအချက်ကတော့ ကိုလိုနီဆန့်ကျင်ရေး နဲ့ မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်လိုတဲ့အကြောင်းလို့ စာရေးသူက သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအမည်ကို ဘားမား (Burma) ကနေ မြန်မာ (Myanmar) လို့ ပြောင်းခဲ့သလို၊ အခြား နာမည် အများအပြားကိုလည်း အင်္ဂလိပ်စာလုံးပေါင်းရာမှာ အသစ် မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ ပြန်ပြီး ပေါင်းခဲ့ ပါတယ်။ 
ရန်ကုန် မြို့တော်က အရင်ကိုလိုနီအတိတ်တွေနဲ့ ဆက်စပ်နေတယ်။ အခု နေပြည်တော် မြို့တော်သစ် ကတော့ အနောက်တိုင်း သြဇာလွှမ်းမိုးမှုကို အစိုးရိမ်လွန်ပြီး တည်ဆောက်တာဖြစ် သလို၊ တဖက်မှာလည်း သမိုင်းအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ စိတ်ဓာတ်ရေးရာပိုင်းအရ သူတို့ အလို ကျ ကိုယ့်ဘာသာ ပြန်ထူထောင် တာမျိုး ဖြစ်ပါတယ်။ စာရေးသူ ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလက ပျဉ်းမနားကို အခြေပြုပြီး တော်လှန်ရေး ဆင်နွှဲခဲ့တဲ့ အစဉ်အလာကိုလည်း ထည့်စဉ်းစားလေသလားလို့ ဖော်ပြခဲ့ ပါသေးတယ်။ နေပြည်တော်က နယ်ချဲ့ကျူးကျော်မှု ကို လက်မခံတဲ့မြို့လို့ ဆိုချင်ပုံပါပဲ။ နောက်တပတ်မှာတော့ အခုမြို့တော်သစ် တည်နေရာ၊ တည်ဆောက်ထားပုံ၊ တည်ဆောက်နေပုံ အကြောင်း တွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၅)

             
                   ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အခု စစ်အစိုးရလက်ထက်မှာ ကုန်းတွင်းပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်နဲ့ "နေပြည်တော်" မြို့တော်အသစ်ကို ပြောင်းရွှေ့ရတယ်ဆိုတဲ့ စာရေးသူရဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော်ကို မြန်မာစစ်အစိုးရက မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြောင်းကို ဒုတိယကဏ္ဍအနေနဲ့ ကုန်းတွင်း ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေနဲ့ ဆက်စပ်သုံးသပ်တင်ပြ ထားပါတယ်။ နိုင်ငံရေး-စစ်ရေးအကြောင်း တွေကြောင့် မြို့တော်သစ်ပြောင်းရတယ်ဆိုတာ ထင်ရှားပေမယ့် ကုန်းတွင်းပိုင်းကျတဲ့ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ ဒေသတိုးတက်လာစေရေးအတွက် ပြောင်းတာ ဖြစ်လေမလား ဆိုပြီး အချက်အလက်တွေနဲ့ သူက သုံးသပ် တင်ပြထားတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် စာရေးသူက အချက် (၃) ချက်ကို ဆွေးနွေးတင်ပြပါတယ်။ ပထမအချက်က စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်လိုတဲ့အကြောင်းလို့ ဆိုပါ တယ်။ ဒုတိယအချက်ကတော့ စွမ်းအင်နဲ့ သဘာဝရင်းမြစ် ထုတ်လုပ်ရေးကို ဖွံ့ဖြိုးစေလိုလို့ ဆိုပြီး သူကဆိုပါ တယ်။ တတိယအချက်ကတော့ သယ်ယူ ပို့ဆောင်ရေး စနစ်ကို ဖွံ့ဖြိုးစေချင်လို့ဆိုပြီး သုံးသပ်ပါတယ် ပထမအကြောင်းဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်လိုတဲ့အကြောင်းကို စာရေးသူက ဆွေးနွေးရာမှာ မြန်မာ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံတခု ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဒေသ အခု နေပြည်တော်မြို့ စိုက်ရာဒေသဟာ မြန်မာနိုင်ငံရဲ့ ဗဟိုချက်မ၊ ကုန်းတွင်းပိုင်းကျရာဒေသ ဖွံ့ဖြိုးဖို့လိုတယ်ဆိုပြီး စစ်အစိုးရက ယူဆ ထားပုံရတယ်လို့ သူက သုံးသပ်ပါတယ်။ မြန်မာစစ်အစိုးရ လက်ထက်မှာ ဆည်တွေ၊ တာတမံတွေ အများအပြား ဆောက်လုပ်ခဲ့တယ် ဆိုတာ ကတော့ အမှန်ပါပဲ။ လက်ရှိစစ်အစိုးရလက်ထက်မှာ ဆည်ပေါင်း ၁၅ဝ နီးပါးကို ဆောက်လုပ်ခဲ့ပြီး၊ စိုက်ဧက ၁. ၆၄ သန်းကို ရေပေးအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ စာရေးသူက ဆိုပါတယ်။ 
           လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ဆည်မြောင်းကန်ချောင်းတွေ ဖောက်လုပ်တာဟာ ရှေးဗမာ မင်းတွေလက်ထက် ကတည်းက ဆောင်ရွက်ခဲ့ကြတာ ဖြစ်လေတော့ အခုအစိုးရကလည်း ဒီအစဉ် အလာကို လိုက်လိုပုံရပါတယ်။ အဲဒါအပြင် အရင်က ဖူလုံရေးအတွက် စိုက်နေရာကနေ၊ အခုတော့ တိုးထုတ်နိုင်ရေး အတွက် စိုက်တာဖြစ်လာပါတယ်။ အရင် ၂ သီးစားစိုက်နေရာကနေ၊ ၁၉၉၂-၉၃ မှာ နွေစပါးအပါအဝင် ၃-သီး စိုက်စေတယ်လို့ ဆိုပါတယ်။ ဒီလိုဆည်မြောင်းတွေ တည်ဆောက်ရာမှာ စစ်တောင်း မြစ်ဝှမ်းလွင်ပြင်၊ မူးမြစ်ဝှမ်း၊ ပေါင်းလောင်းမြစ်ဝှမ်းလွင်ပြင်ဒေသတွေ၊ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဇုန်တွေကို အဓိက ထားတယ်လို့ စာရေးသူ က သုံးသပ်ပါတယ်။ 
            အရင်တုန်းကတော့ စိုက်ပျိုးရေးဖြစ်ထွန်းရာ ကမ်းရိုးတန်းဒေသတွေ၊ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာပဲ လူနေထူထပ်ခဲ့တာပါ။ အခုနေပြည်တော်ဒေသကို ပြောင်းပြီး ခြောက်သွေ့ဇုန်ကို ဖွံ့ဖြိုးလာအောင် လုပ်ခြင်းအားဖြင့် လူတွေက ပြန်ပြီးပြောင်းရွှေ့လာကြမယ်၊ ပိုပြီး မျှမျှတတဖွံ့ဖြိုးမှုပုံစံ ဖြစ်အောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်၊ ဒီလိုမြို့တော် ပြောင်းရွှေ့တဲ့ပုံစံက တူရကီ၊ ဘရာဇီးလ်၊ နိုင်ဂျီးရီးယားက မြို့တော်တွေ ပြောင်းရွှေ့ခဲ့တဲ့အကြောင်းနဲ့ တူတယ်ဆိုရမယ်လို့ သုံးသပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ စွမ်းအင်နဲ့ သဘာဝရင်းမြစ် ထုတ်လုပ်ရေးကို ဖွံ့ဖြိုးစေလိုလို့ ဆိုပြီး သူကဆိုပါတယ်။ သဘာဝ သယံဇာတတွေ တိုးတက်ထုတ်နိုင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးစေဖို့အကြောင်း ဖြစ်သလို၊ တဖက်မှာလည်း စစ်အစိုးရ အင်အားကြီးထွားစေဖို့ ဝင်ငွေရစေမှာ ဖြစ်ပါတယ်။ 
             နေပြည်တော်ကို ပြောင်းခြင်းအားဖြင့် တိုင်းရင်း သားဒေသတွေက သယံဇာတထုတ်လုပ်ငန်းတွေကို ပိုလက်လှမ်း မှီလာမယ်။ ကမ်းလွန်ကရတဲ့ သဘာဝ ဓာတ်ငွေ့အပြင် အခြားဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေကနေ ဝင်ငွေပိုရစေမယ်လို့ သူက သုံးသပ် ပါတယ်။ တဖက်မှာလည်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်တိုးချဲ့နေပြီး၊ ၂ဝ၃ဝ မှာ မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို အခြေပြု စီးပွားဖြစ်တဲ့ နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ရည်ရွယ်ချက်ကိုလည်း ဖော်ပြပါတယ်။ လျှပ်စစ်မီးသာ ကောင်းကောင်းမလာတယ်၊ စစ်တောင်းမြစ်များသာမက၊ အခြားဒေသတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်နေတာ အများအပြား ဖြစ်ပါတယ်။ တတိယအချက်ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ဖွံ့ဖြိုးစေချင်လို့ဆိုပြီး သုံးသပ်ရာမှာတော့ စစ်အစိုးရ လက်ထက်မှာ လမ်း၊ တံတား အခြေခံအဆောက်အဦ စီမံကိန်းတွေ အထူးအလေးပေး ဆောက်လုပ်ခဲ့ပါတယ်။
             မြန်မာနိုင်ငံ တောင်-မြောက်ဖြတ်တဲ့လမ်း၊ အရှေ့-အနောက်ဖြတ်တဲ့ လမ်းမကြီးတွေကို ဆောက်လုပ်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာပဲ တံတားကြီးပေါင်း ၁၇ဝ ဖောက်လုပ်ခဲ့တယ်လို့ စာရေးသူက စုဆောင်းဖော်ပြပါတယ်။ ဒီလမ်းတွေက နိုင်ငံတွင်း ဆက်သွယ်ထားတဲ့ ကွန်ရက်တွေဖြစ်သလို၊ အာရှကိုဖြတ်သွားမယ့် လမ်းမကြီးနဲ့လည်း ချိတ်ဆက်ဖို့ ရည်ရွယ်ထားတယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ နေပြည်တော်ဟာ ပြည်တွင်းလမ်း၊ အာရှ လမ်းမကြီးရဲ့ ဆုံချက်ဖြစ်လေမလားလို့တောင် သူက ဆိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့ အမျှ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးတွေ ချိတ်ဆက်တိုးတက် စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မောင်အောင်မျိုးဆွေးနွေးထားတဲ့ ဘာကြောင့်နေပြည်တော်ကို မြို့တော်ပြောင်းရသလဲဆိုတဲ့ စာတန်း သုံးသပ်ချက်မှာတော့ ဒီလိုသုံးသပ်ချက်မျိုး မတွေ့ရပါဘူး။ 
              အဲဒါအပြင် စာရေးသူရဲ့ သုံးသပ်ချက်ကလည်း သိပ်ပြီး မခိုင်လုံလှဘူးလို့ ကျနော်သုံးသပ်မိပါတယ်။ သူက မြန်မာစစ်အစိုးရကို "ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ အစိုးရမျိုး" (Development regime) လို့ သုံးသပ်တာကိုက ကျနော် သဘောမတွေ့မိပါဘူး။ စစ်အစိုးရက သူတို့ကိုယ်သူတို့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ နာမည်တပ်ထားတာတော့ ရှိပါတယ်။ တကယ်ဖွံ့ဖြိုးမှုကို ဆောင် ကျဉ်းနိုင်-မနိုင်ဆိုတာက နောက်ထပ်မေးခွန်းတခု ဖြစ်ပါတယ်။ နောက်တခုက စီးပွားရေး ဖွံ့ဖြိုးစေချင်တယ် ဆိုရင်ဖြင့် အခုလို ဂလိုဘယ်လိုက်ဇေးရှင်းကာလ၊ ကမ္ဘာကြီးနဲ့ ပိုလို့ဆက်ဆံစရာလိုတဲ့ ကာလမှာ ဆိပ်ကမ်း၊ ဆက်သွယ်ရေးဆုံချက်တွေ၊ ကုန်သွယ်မှု အခွင့်အလမ်းတွေကို ပိုလို့ ထည့်သွင်းစဉ်းစားရမှာပါ။ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအခြေအနေက ကိုယ့်လူထုတွေသာ အသိဆုံးဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးအတွက် ရေနက်ကွင်းတွေလုပ်ပါတယ်။ နွေစပါးကိစ္စတွေလုပ်ပါတယ်။ ဒါပေမယ့် လယ်ယာဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ သွင်းကုန်၊ မြေသြဇာ၊ နည်းပညာ၊ စက်မှု၊ ချေးငွေ ရနိုင်တဲ့ကိစ္စ၊ ကျိတ်ခွဲတင်ပို့ရေးကိစ္စတွေကို ပံ့ပိုးပေးမှု နည်း လှတော့ ထင်တိုင်းမပေါက်လှပါဘူး။ 
              တဖက်မှာ ဈေးကွက်ကို ထိန်းချုပ်ထားတော့လည်း အကျိုးရရှိခံစားသင့် သလောက် မခံစားနိုင်ကြပါဘူး။ ဒီအချက်အချို့ကို စာရေးသူကတင်ပြထားပေမယ့်၊ စစ်အစိုးရ ရည်ရွယ်ချက်ကို ပိုတွက်ထားသလို ဖြစ်နေပါတယ်။ နောက်တခါ ရေအားလျှပ်စစ်နဲ့ သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အကြီးအကျယ် လုပ်ကိုင် နေပေမယ့် မြန်မာပြည်သူတွေထက်စာရင်၊ ပြည်ပကို ရောင်းစားဖို့ ရည်ရွယ်ချက်က ပိုများနေပါတယ်။ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦတွေကိစ္စ တိုးတက်စေဖို့ လုပ်နေတယ်ဆို ပေမယ့် စီးပွားရေးပညာရှင်တယောက် သုံးသပ်ထားတာက အခုနှစ်ပိုင်းတွေမှာ အခြေခံအဆောက်အဦ ဆောက်လုပ်ရေး လုပ်ငန်းတွေက နေပြည်တော်တခုထဲမှာ ကွက်ပြီးများနေတယ်၊ အခြားဒေသတွေမှာ ရှက်စရာ ကောင်းလောက်အောင် နည်းနေတယ်လို့ သုံးသပ်ထားတာလည်း ဖတ်ရဖူးပါတယ်။ ပြည်ပ အာရှအဝေးပြေး လမ်းမကြီးနဲ့ ချိတ်ဆက်ဖို့ဆိုတာကလည်း အိမ်မက်သဖွယ်ပဲ ရှိနေပါသေးတယ်။ ၂ဝဝ၅ ခုနှစ်ကစလို့ နေပြည် တော်ကို မြို့တော်ပြောင်းရွှေ့ခဲ့ပေမယ့် စစ်အစိုးရပြောသလို ဖွံ့ဖြိုးတိုးတက်မှုတွေ ပြည်သူတွေ ဘယ်လောက် အထိခံစားနိုင်ပြီလဲ ဆိုတာ ပြည်သူတွေ အသိဆုံးပဲ ဖြစ်ပါတယ်။ ကျနော်ကတော့ စာရေးသူရဲ့ သုံးသပ်ချက် တွေ က သိပ်မခိုင်လုံလှဘူးလို့ပဲ ဆိုချင်ပါတော့တယ်။ နောက်တပတ်မှာတော့ ဒီစာအုပ်ထဲက မြို့တော်သစ်ပြောင်းရခြင်းရဲ့ ယဉ်ကျေးမှု- စိတ်ဓာတ်ရေးရာအကြောင်း တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
       (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Myanmar nationals arrested in Tripura

               Agartala, Aug 1 (IBNS): Police arrested two Myanmar nationals- Rohingya Muslims- Sunday from a hotel in Agartala in Tripura. Both Rohingya Muslims from Mongolo area of Myanmar had entered through Teknaf of Cox's Bazar in Bangladesh and then crossed into Tripura by the Sonamura border. The arrested identified as Mohammad Tayub (29) and Saho Alam (20) informed police that they had crossed the border from Bangladesh and intended to go to Delhi before reaching to Jammu in search of work. “From here we were to go to Jammu. But first we would have gone to Delhi and from there to Jammu for working there with a cousin of mine.  
             We cross through Teknaf (Mayanmar-Bangladesh border) and from there we have two roads, one through Manipur but it is long and difficult. So we prefer this (through Tripura) as it is easier this way,” said Mohammed Tayub, one of the arrested. He said the minority Muslim Rohingya’s are fleeing to avoid the atrocities by the majority Buddhist in army controlled Myanmar The Rohingya's are denied even the most basic rights and are not considered citizens of that nation. They are not allowed to travel from one village to another within the state without permission. They are denied government every after having required qualifications and even they are not allowed to marry without the permission of the authority. Both were produced before the court in the afternoon. There are an estimated 2 million Rohingya; slightly less than half still live in northern Rakhine state. Several hundred thousand more were driven out by the military in two separate purges — one in the late 1970s and another in the early 1990s. Some now work in the Middle East while others remain in camps in neighbouring Bangladesh. 
              Many have even crossed into India. At present more than one lakh exiled Myanmar’s population have taken refuge in India, fighting for the restoration of democracy in their country. Myanmar's government which consists of mainly the Buddhist community says that the Rohingya people belong to Bangladesh. Many Rohingya were brought to Myanmar from South Asia by the British while the entire region was part of colonial India. Rohingya's claim that have been living in Myanmar for almost 200 years.

နေပြည်တော်(၄)

             ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက် နေပါတယ်။ ဒီတပတ်မှာတော့ အခု စစ်အစိုးရလက်ထက်မှာ ဘာဖြစ်လို့ "နေပြည်တော်"ဆိုပြီး မြို့တော်အသစ် ပြောင်းရွှေ့ရတယ်ဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ 
             စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော်ကို မြန်မာစစ်အစိုးရက မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြောင်းကို ပထမပိုင်း နိုင်ငံရေး-စစ်ရေးအကြောင်းပြချက်နဲ့ သုံးသပ်ရာမှာ အဓိကအကြောင်းအချက် ၃- ချက်ကို ဆွေးနွေးထား ပါတယ်။ အဲဒီအချက်တွေ မဆွေးနွေးခင်၊ သူက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အပေါ် ရှုမြင်ပုံ၊ အာဏာအပေါ် ရှုမြင်ပုံတွေကို တင်ပြပါတယ်။ မြန်မာစစ်အစိုးရက တို့တာဝန်အရေး ၃-ပါး ဆိုပြီး "ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲ ရေး"လို့ ပြောနေပေမယ့် အမှန်မှာတော့ စစ်ခေါင်းဆောင် အဆက်ဆက်က သူတို့အာဏာနဲ့ပတ်သက်ရင် ရှုမြင်ပုံက အကန့်အသတ်ရှိတယ်လို့ မြင်ပါတယ်၊ သူတို့အာဏာနဲ့ စင်ပြိုင်ဖြစ်လာမယ့် သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးကို မထားလိုကြပါဘူး၊ ကြီးထွား ရှင်သန်ခွင့် မပေးလိုကြပါဘူး၊ တလျှောက်လုံးမှာလည်း ပြည်တွင်း ပြည်ပက အာခံလာမယ့်ရန်၊ ဝင်ပြီး စွက်ဖက်မယ့် အရေးတွေ ကိုလည်း အထူးစိုးရိမ်ကဲနေကြပါတယ်၊ ဒါကြောင့်ပဲ ပြည်ပအားကိုး ပုဆိန်ရိုးတို့၊ ရုပ်သေး စသဖြင့် ကြွေးကြော်သံတွေ ဖြစ်လာရတာပါ၊ တဖက်မှာ ဗဟို ချုပ်ကိုင်မှုကို အလွန်အကျူး ထိန်းသိမ်းထားခြင်ပြီးတော့၊ တိုင်းရင်းသားတွေဆိုရင်လည်း အမြဲ သံသယ မယုံသင်္ကာစိတ်နဲ့ ကြည့်တတ်ကြပါတယ်။ အာဏာကို ခွဲဝေဖြန့်ဖြူးပေးဖို့ စဉ်းစားလေ့ မရှိကြပါဘူး။ 
            တိုင်းရင်းသား တွေက သူတို့ မွေးရာပါ အခွင့်အရေးတောင်းတာတောင် နိုင်ငံရေး-လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ မြင်လေ့ ရှိပါတယ်။ အဲသည်တော့ စာရေးသူ ဒူယာပက် သုံးသပ်ထားတာကတော့ မြို့တော်သစ် ရွှေ့ရတဲ့ ပထမအကြောင်းရင်းက နိုင်ငံရေးအရ အုံºကွမှုတွေ၊ လူထုဆန့်ကျင် ဆန္ဒပြမှုတွေကို ရှောင်လွှဲနိုင်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေး တလျှောက်လုံးမှာ ထစ်ကနဲဆို ဆန္ဒပြပွဲတွေ၊ လူထု ဆူပူအုံကြွမှုတွေက ရန်ကုန်မှာ ဖြစ် ပေါ်နေကြတာပါ။ စာရေးဆရာက ၁၉၆၂၊ ၁၉၇၄၊ ၈၈ လူထုဆန္ဒပြပွဲတွေအကြောင်း သက်သေအဖြစ် ဖော်ပြပါ တယ်။ တဖက်မှာလည်း သွေးထွက်သံယို ဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက် ဗုံးထောင်တိုက်ခိုက်မှုတွေက ရန်ကုန် မှာ အဖြစ်များပါတယ်။ အဲသည်တော့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ဝေးရာကို ရွှေ့တယ်လို့ ဆိုပါတယ်။ အစီ အစဉ်တကျ လုပ်နိုင်မယ့်၊ ပိုလို့ထိန်းချုပ်နိုင်မယ့် နေရာမျိုးကို ရှာဖွေတာလို့ပြောပါတယ်။ ဒုတိယအချက်ကတော့ တိုင်းရင်းသား သူပုန်ထမှုတွေရဲ့ ခြိမ်းခြောက်မှုအကြောင်းကြောင့်လို့ သူက သုံးသပ် ပါတယ်။ တိုင်းရင်းသားသူပုန်အဖွဲ့ အများစုက မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှာ အခြေချနေကြသလို၊ သူတို့က နိုင်ငံခြားနဲ့ ပိုဆက်စပ် ပတ်သက်နေကြတယ်၊ မယုံကြည်ရဘူးဆိုတဲ့ စိတ်လည်း ရှိနေပါတယ်။ ရန်ကုန်ကနေဆို ရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲပြီး၊ အခု ပျဉ်းမနားနေရာကနေဆိုရင် ပိုလို့ လက်လှမ်းမီနိုင်တယ်ဆိုတဲ့ စဉ်းစားချက် လည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း သူက ပါမောက္ခ ဒေးဗစ်စတိုင်းဘာ့ဂ် သုံးသပ်ချက်ကို ကိုးကားပြီး စစ်အစိုးရ စဉ်းစားပုံက ခေတ်မီ အတွေးအခေါ်မျိုး မဟုတ်ဘဲ မပျော့ပြောင်း တင်းမာတယ်၊ သတ်မှတ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေရဲ့ အလယ်ဗဟိုချက်မနေရာကို ယူမယ်၊ တိုင်းရင်းသားတွေဆိုတာက နယ်စပ်မျဉ်းအရ၊ ပထဝီအရ၊ အာဏာအရ စက်ဝိုင်းဗဟိုချက်မရဲ့ ပြင်ပမှာသာ ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဉ်းစားချဉ်းကပ်ပုံပါ။ 
         ဒါ ကြောင့်လည်း ပထဝီအရ ဗဟိုချက်မကျရာကို ရွေးချယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တတိယ နိုင်ငံရေး-လုံခြုံရေး အကြောင်းအချက်ကတော့ အမေရိကန် ရေတပ်ကြီးက ကျူးကျော်တိုက်ခိုက်လာ နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကဲလွန်းတဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ တချိန်က ကူမင်တန် တပ်တွေ ကျူးကျော်ခဲ့တာကိုလည်း စိတ်က ခြောက်လှန့်နေပါတယ်။ နောက်ပိုင်းမှာလည်း ၁၉၈၈ ခုနှစ်ကာလ မှာ အမေရိကန်ရေတပ်က မြန်မာ့ရေပိုင်နက်ကို ရောက်လာတယ်ဆိုတဲ့ စစ်အစိုးရက ပြောဆိုစွပ်စွဲတာတွေ လည်း ရှိခဲ့ပါတယ်။ အဲဒါအပြင် မြန်မာစစ်အစိုးရကို ၂ဝဝ၅ ခုနှစ်မှာ သမ္မတဘုရှ်က "မင်းဆိုးမင်းညစ်တွေရဲ့ အာဏာခံကတုတ်" (Outpost of tyranny) အဖြစ် မြန်မာနိုင်ငံကို စွပ်စွဲပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမှန်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ကွန်ဒိုလီဇာ ရိုက်စ် ပြောခဲ့တာပါ။ 
            အမေရိကန်နိုင်ငံက အခြားနိုင်ငံတွေကို စစ်ရေးနဲ့ လက်တွေ့ ဝင်ရောက်စွက်ဖက်ခဲ့တော့ လည်း မြန်မာစစ်အစိုးရအဖို့ ပိုလို့ စိုးရိမ်ဖွယ်အခြေအနေ ရှိနိုင်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုကို မဖြစ်နိုင်ဖူးလို့ ယူဆကြမှာ မဟုတ်ပါဘူး။ ရန်ကုန်ဆိုရင် ရေကြောင်းကနေ အလွယ်တကူ သိမ်းပိုက်နိုင်တယ်၊ အခုလို ပျဉ်းမနားနေရာကတော့ လေယာဉ်နဲ့ ဗုံးကျဲကောင်း ကျဲနိုင်တယ်၊ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် သိမ်းပိုက်ဖို့ကျတော့ ကုန်းတွင်းပိုင်း ဒေသ အထိကို စစ်တပ်တွေ တက် လာမှ ရမယ့် အခြေအနေပါ။ ဒီအခြေ အနေမှာ ပြည်သူ့စစ် မဟာ ဗျူဟာနဲ့ ခုခံစစ်ဆင်မယ်လို့ စဉ်းစားပြင်ဆင် နေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်အစိုးရက ပထဝီနိုင်ငံရေး၊ ပထဝီရေး မဟာဗျူဟာကိစ္စတွေကို စဉ်းစားရင် အခြား စီးပွား၊ သံတမာန်ရေး အမြင်တွေနဲ့ စဉ်းစားတာ မဟုတ်ဘဲ၊ စစ်ရေးအမြင်ဖက်ကချည်း စဉ်းစားလေ့ ရှိတာကိုလည်း စာရေးသူက ထောက်ပြပါတယ်။
           ဒါပေမယ့် နေပြည်တော်ကို ပြောင်းရွှေ့ရတဲ့အကြောင်း စဉ်းစားချက် မောင်အောင်မျိုးရေးသားပြီး၊ ၂ဝဝ၆ ခုနှစ် မှာ အာရှ သုတေသန အင်စတီကျုက ထုတ်ဝေတဲ့ စာတန်းကို ဖတ်ကြည့်တော့ သူကတော့ အချက် ၆-ချက် ခွဲ ဝေဖန်သုံးသပ် ထားတာ တွေ့ရပါတယ်။ (၁) သတင်းလုံခြုံရေး၊ (၂) စစ်ရေးနဲ့ မဟာဗျူဟာ စဉ်းစားချက်၊ (၃) ကိုယ်က ထိန်းချုပ်ထား နိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုကြောင့်၊ (၄) ကိုလိုနီ စနစ် အကျွင်းအကျန်တွေကို လမ်းခွဲ ဖယ်ရှားချင်လို့၊ (၅) ဗဟို အုပ်ချုပ်ရေးကို လူဦးရေထူထပ်တဲ့ ဒေသတွေနဲ့ ခွဲခြားထားချင်တာ၊ (၆) မြန်မာ့တွေရဲ့ ရိုးရာ အစဉ်အလာအရ ကမ္ဘာကြီးကို ရှုမြင်ပုံကြောင့်ဆိုပြီး ၆-ချက်ခွဲခြားလို့ သုံးသပ်ထားတာ ဖတ်ရပါတယ်။ စာရေးသူ ဒူယာပက်နဲ့ တူတာရှိသလို၊ ပိုလို့ ထင်သာတဲ့ အချက်တွေလည်း တွေ့ရပါတယ်။ မောင်အောင်မျိုး ကတော့ အခုမြို့တော်ပြောင်းတဲ့ကိစ္စမှာ မြန်မာတွေရဲ့ အစွဲအလမ်း ဘုန်းကံကိစ္စတွေ၊ ယတြာ ကက်ကင်းတွေ၊ တဘောင် လက်ဖွဲ့ အဆောင်တွေကိစ္စတောင် ဖြစ်နိုင်ရဲ့လို့လည်း ဆိုထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တော့ (မဆလ) တပါတီအစိုးရ မပြုတ်ကျခင်က ဖြစ်တဲ့ တဘောင်တခုက သက်ဆိုင်လေသလား၊ မသက်ဆိုင်လေသလား မသိ၊ "ကုလားဘုရား ထီးတော်တင်၊ နေမင်းကြီးလည်းဝင်" ဆိုပြီး ဖြစ်ခဲ့ဖူးပါသတဲ့၊ ဒီလိုနဲ့ အိန္ဒိယစေတီတော်ပုံ မဟာဝိဇယစေတီ ထီးတော်တင်ပြီးနောက် ဦးနေဝင်းလည်း အာဏာက ဆင်းခဲ့ရ ပါတယ်။ အဲဒါအပြင် ၁၉၉ဝ ခုနှစ်များမှာ နောက်ထပ်တဘောင်တခု ပေါ်လာတယ်လို့လည်း ဆိုပါသေးတယ်။
             "စွယ်တူနှစ်ဆူ အတူတူ၊ ပြည်သူလည်းမွဲ၊ တပ်လည်းကွဲ" ဆိုတဲ့ တဘောင်ပါ။ နောက်ပိုင်းမှာ စစ်တပ်-ထောက် လှမ်းရေးတွေအကြား ကွဲကြတော့ ဒီကိစ္စတွေကိုလည်း အာဏာအတွက် ထည့်စဉ်းစားနိုင်ပါတယ်။ အဲဒါအပြင် လူအများက စွပ်စွဲနေကြသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရင်ရူး ရူးနေတယ်ဆိုတဲ့ အချက်ကိုလည်း မဖြစ် နိုင်ဘူးလို့တော့ မဆိုနိုင်ပါဘူး။ မောင်အောင်မျိုး ဆောင်းပါးမှာပဲ ဖော်ပြထားတာက ၂ဝဝ၆ ခုနှစ်၊ နေပြည်တော် မှာ တည်ထားမယ့် ဥပ္ပါတသန္တိစေတီ အုတ်မြစ်ချတဲ့ အခမ်းအနား ဖိတ်စာမှာ ဖော်ပြထားတာက "ရာဇဌာနီ နေပြည်တော်" ဆိုပြီး နေရာကို ညွှန်းထားခဲ့ပါတယ်။ ဒီကိစ္စတွေကလည်း နေပြည်တော်ကို တထီးတနန်းတည် ချင်တဲ့ အကြောင်း ဖြစ်နိုင်ပါသေးတယ်။ နောက်တပတ်မှာတော့ အခုမြို့တော်သစ်တည်နေရာနဲ့ ကုန်းတွင်းပိုင်း ဖွံ့ဖြိုးရေးကိစ္စ ဆက်စပ်မှု ရှိနိုင်-မရှိနိုင်သုံးသပ်ချက်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။ 
         (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၃)

              ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Dyapak Precharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြန်မာ့သမိုင်းတလျှောက် မင်းနန်းစိုက်ရာ မြို့တော်တွေ ဘယ်လို အခြေခံအကြောင်းတွေကြောင့် အကြိမ်ကြိမ် ပြောင်းရွှေ့ကြသလဲဆိုတဲ့ လေ့လာချက်ကို တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ မြန်မာ့သမိုင်းမှာ ဗမာဘုရင်တွေ နန်းစိုက် စိုးစံရာ မြို့တော်တွေအကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ကြဖူးပါတယ်။ အထူး သဖြင့် ပြောင်းရွှေ့နန်းစိုက်ခဲ့တဲ့ နေရာ တွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဇုန်လို့ခေါ်တဲ့ ဒေသ အတွင်းမှာ အများဆုံးဖြစ်ပြီး၊ အထူးသဖြင့် ဧရာဝတီနဲ့ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသကို အခြေပြု ထီးနန်း စိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 
             ဒီနေရာရာ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအချက်အချာ ဒေသ ဖြစ်သလို၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံသဘောအရ နိုင်ငံရေး-ပထဝီရေးအရ နှလုံးသည်းပွတ်သဖွယ် အချက်အချာ ကျတဲ့ ဗဟိုချက်မဒေသလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုဗမာဘုရင်တွေရဲ့ ထီးနန်းမြို့တော်တွေ ပြောင်းရွှေ့ကြတဲ့ အခြေခံအကြောင်းကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က ခြုံငုံလို့ အကြောင်း ၅- ခုအဖြစ် ထုတ်နှုတ်သုံးသပ် ထားပါတယ်။ ပထမအကြောင်းကတော့ လုံခြုံရေး- စစ်ရေးမဟာဗျူဟာအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆိုင်ယမ်လို့ခေါ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်အင်ပိုင်ယာ၊ အိန္ဒိယအရှေ့မြောက် ပိုင်းက မြို့ပြနိုင်ငံတွေ ကျူးကျော်လာမယ့်အရေးကို ကြည့်ကြတာရှိသလို၊ မဟာဗျူဟာကျတဲ့ ပြည်တွင်းစစ်ပွဲ ပဋိပက္ခတွေ၊ မွန်-ရှမ်း-ရခိုင် စတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအရေးကိုလည်း ကြည့်ကြပါတယ်။ ရန်ဖက် အင်အားစုတွေကို နှိပ်ကွပ်ထားနိုင်ဖို့၊ မိမိသြဇာ အာဏာကိုစုစည်းနိုင်ဖို့ ထီးနန်းစိုက်ရာ နေရာရွေးကြပါတယ်။ ဥပမာအားဖြင့်- တောင်ငူမင်းဆက် (သက္ကရာဇ် ၁၄၈၆ ခုနှစ်ကနေ ၁၇၅၂) ခုအထိ၊ ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂ ကနေ ၁၈၈၅ ခုနှစ်အထိ) က ဒီလို စဉ်းစားချက်တွေနဲ့ မြို့တော်ထီးနန်းစိုက်ရာ ရွေးချယ်ခဲ့ကြ တာပါ။  
             တောင်ငူက ခံတပ်ကောင်းဖြစ်သလို၊ တရုတ်အရေး- ရှမ်းလူမျိုးတွေရဲ့ သြဇာကင်းရေးကို ကြည့်ပြီး စစ်တောင်းမြစ်ဝှမ်းမှာ ထူထောင်ခဲ့ကြတာပါ။ အလောင်းဘုရား ဦးအောင်ဇေယျတည်ခဲ့တဲ့ ရွှေဘို ကုန်းဘောင် နန်းဆက်ဟာလည်း မူးမြစ်ဝှမ်းမှာ အခြေစိုက် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် နန်းတွင်းရေး၊ အာဏာပြိုင်မယ့်၊ အာဏာလုမယ့် အင်အားစုတွေကို တွက်ဆနေရာချတာလည်း ရှိခဲ့ပါတယ်။ ဒုတိယအကြောင်းကတော့ အင်အားအာဏာ စုစည်းလိုတဲ့အကြောင်း၊ ဘုန်းတန်ခိုး ပြလိုတဲ့အကြောင်းနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြို့တော်ပြောင်းတာ ဖြစ်ပါတယ်။ ဗမာဘုရင်တွေက ဗောဓိသတ္တ ဘုရားလောင်း မင်း၊ စကြာဝတေး မင်းအပေါင်းကို အောင်နိုင်တဲ့မင်းအဖြစ် သူတို့တန်ခိုးထွားလာရင် ယူဆကြပါတယ်။ အဲသည်လို ဘုန်းတန်ခိုးနဲ့ လျှော်ညီစွာ မင်းနေပြည်တော် တည်ဆောက်ကြတာလည်း ရှိပါတယ်။ ဥပမာ တခု ကတော့ တောင်ငူဘုရင် တပင်ရွှေထီးက သြဇာထွားလာတဲ့အခါမှာ မွန်တို့ဒေသကိုသိမ်းပိုက်ပြီး ၁၅၄ဝ မှာ ပဲခူးကို နန်းမြို့ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 
                ဒါပေမယ့် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ သြဇာကို အမြဲတစေခြိမ်းခြောက်နေ တဲ့ နန်းတွင်းရေးကိစ္စတွေလည်း ရှိတတ်ပါတယ်။ ဘုရင်အများစုက ပုန်ကန်ထီးနန်းဖြုတ်ချခံရတာ ရှိခဲ့ပြီး၊ အင်အားကောင်းတဲ့ မင်းညီမင်းသားတွေပဲ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နန်းတွင်းရန်တွေကို စိုးရိမ်ပြီး ကုန်းဘောင်မင်းဆက်မှာပဲ ရွှေဘို၊ အင်းဝ (အဝ)၊ အမရပူရ၊ မန္တလေး စသဖြင့် ပြောင်းခဲ့တာတွေလည်း ရှိပါ တယ်။ တတိယအကြောင်းကတော့ ဗုဒ္ဓရဲ့ ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့နေရာ၊ ဗေဒင်ဟူးရား ပုဏ္ဏားတွေ အကြံပေးချက် တွေကြောင့် ပြောင်းကြတာ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာက ဗုဒ္ဓဘာသာနဲ့ ကိုးကွယ်ယုံကြည်မှုက အရေးပါတဲ့ အခန်းက ရှိနေပါတယ်။ ဒါကြောင့် ဘုရားက ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ နေရာ၊ ယုံကြည်ချက် တွေကိုလည်း ထိန်းသိမ်းထား တတ်ကြပါတယ်။ ဘုရင်တွေက သူတို့သြဇာ အာဏာကြီးမှုကို ဆက်လို့ သိဒ္ဒိ တင်ချင်တယ်ဆိုရင် ရှေးရိုးစဉ်လာတွေကို ထိန်းသိမ်းကြောင်းပြလေ့ရှိပါတယ်။ ဘုရင်တွေ အိမ်မက်မြင်မက် ရင်လည်း ပုဏ္ဏားဟူးရားတွေက အဓိပ္ပါယ်ဖော်လို့ အကြံပေးကြပါတယ်။ တန်ခိုးကြီးသောမင်းသည် မြို့ဟောင်းကိုစွန့်၍ မြို့သစ်ကို ပြောင်းလတံ့ဆိုတဲ့ စာဆိုတွေလည်း ရှိခဲ့ပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ ၁၇၈၃ ခုနှစ်မှာ (မသေသော မြို့တော်) လို့ အဓိပ္ပါယ်ရတဲ့ အမရပူရကို တည်ခဲ့သလို၊ ဘကြီးတော်မင်း လက်ထက် ၁၈၂၃ မှာ အမရပူရကနေ အင်းဝကို ပြန်ပြောင်းပါတယ်။ 
               တခါ မင်းတုန်းမင်းလက်ထက်မှာ မန္တလေးရတနာပုံ နေပြည်တော် ကို ၁၈၅၇ ခုနှစ်မှာ တည်ခဲ့တဲ့ကိစ္စတွေက ဗုဒ္ဓဘုရားရှင်က ဗျာဒိတ်ပေးခဲ့တယ်၊ ဗေဒင်ကိန်းခန်း တွေကဆိုတဲ့ အပေါ် အခြေခံတာလည်း ရှိပါတယ်။ စတုတ္ထအကြောင်းကတော့ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ကုန်းတွင်းပိုင်း နေရာကို ရွေးကြတာပါ။ ကိုလိုနီခေတ် မတိုင်မီ ကာလအထိ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်းသာပဲ ရှိပါတယ်။ တိုင်းပြည်ဝမ်းစာ ကိစ္စကိုလည်း ထည့်စဉ်းစားကြပါတယ်။ ဒါကြောင့်လဲ စိုက်ပျိုးရေးဖြစ်ထွန်းရာကို ရွေးချယ်ကြတာ မဆန်းပါဘူး။ အင်းဝဆိုရင် မြစ်ငယ်နဲ့ ဧရာဝတီမြစ်ဆုံကြား၊ မန္တလေးဆိုရင် ဆန်စပါးဖြစ်ထွန်းရာ ကျောက်ဆည်ကို ကျော ထောက်နောက်ခံပြုလို့ ဧရာဝတီ နဲ့လည်းနီး၊ နန္ဒာကန် ရွှေပြည်ကန်တွေ ရှိရာအရပ်ကို ရွေးချယ်ထားခဲ့တာပါ။ 
          ပဉ္စမအချက်ကတော့ နိုင်ငံတကာဆက်ဆံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိစ္စတွေကို ထည့်သွင်းစဉ်းစားတဲ့ နန်းစိုက်ရာ ရွေးချယ်မှုပါ။ တပင်ရွှေထီးက ပင်လယ်ထွက်ပေါက်နီးရာ ပဲခူးမှာ နန်းမြို့ပြောင်းရွှေ့စိုက်ခဲ့ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးကို ကြည့်တာပါသလို၊ ပေါတူဂီနဲ့ နိုင်ငံခြားသင်္ဘောတွေဆီက သေနတ်၊ မီးပေါက်၊ အမြောက်တွေ ဝယ်လိုတာလည်း ပါပါတယ်။ သူ့ကိုဆက်ခံတဲ့ ဘုရင့်နောင်လက်ထက်မှာတော့ ၁၅၆၄ ခုမှာ ဟံသာဝတီနန်းတော်ကို ပြန်လို့ဆောက်ခဲ့ပါတယ်။ ဟံသာဝတီဟာ တချိန်က သြဇာအကြီးဆုံးဖြစ်ခဲ့သလို၊ ဒေသတွင်း ပင်လယ်ကုန်သွယ်ရေး မှာလည်း အချက်အခြားဖြစ်ခဲ့ပါတယ်။ ၁၅၉၉ ခု ပဲခူးပျက်ပြီးနောက်ပိုင်းမှာ ပဲခူးကလည်း ရေကြောင်းတိမ်ကောလာပြီး၊ သံလျှင်က ပင်လယ်ထွက်ပေါက်ဖြစ်လာပါတယ်။ အဲဒီမှာပဲ ပေါ်တူဂီ ဒီဘရစ်တိုက ချုပ်ကိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းက ၁၆၁၁ ခုနှစ်မှာ သံလျှင်က ပေါ်တူဂီ တွေကို ချေမှုန်းအနိုင်ရခဲ့ပေမယ့် ပင်လယ်ထွက်ပေါက် ကျရာ ဒေသမှာ ထီးနန်းမစိုက်ကြတော့ပါဘူး။ ပိုလို့ အထက်အညာ ကုန်းတွင်းပိုင်းကျရာဒေသကို ရွေးချယ်ခဲ့ကြတာဟာ တဖက်က တိုင်းတပါးကျူးကျော်မှုအရေး ကို ထည့်စဉ်းစားတာ ပါသလို၊ တချိန်က ထွန်းပြောင်ခဲ့တဲ့ အတိတ်၊ ရိုးရာ ဓလေ့တွေနဲ့ ပြန်ဆက်စပ်ချင်တာ လည်း ပါပါလိမ့်မယ်။ နောက်ပိုင်းမှာ ဗြိတိသျှတွေက အောက်မြန်မာနိုင်ငံကို ရန်ပြု လာပြီးတဲ့နောက်ပိုင်းမှာ တော့ ဒီလိုတိုင်းတပါးအပေါ် စိုးရိမ်မှုတွေက ပိုကဲလာခဲ့ပါတော့တယ်။ 
            ဗြိတိသျှက ကိုလိုနီပြု မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာမင်းဆက်တွေ နိဂုံးချုပ်ခဲ့ရပြီး၊ ဆိပ်ကမ်း ကူးသန်းရောင်းဝယ်ရေး အဓိကကျရာ ရန်ကုန်က မြို့တော်ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှတွေကို ရန်ကုန် ကို စနစ်တကျ မြို့ကွက်ချတည်ဆောက်ခဲ့ပြီး၊ လွတ်လပ်ရေးရပြီးသည့်တိုင် တောက်လျှောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အစည်ကားဆုံးမြို့၊ ကုန်သွယ်ရေး အချက်အချာအဖြစ် တည်ရှိခဲ့ပါတယ်။ ရန်ကုန်က ဘာသာရေး အရလည်း အထွဋ်အမြတ် ရွှေတိဂုံစေတီ တည်ထားရာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဗဟာဗျူဟာအရလည်း အချက်အချာ ဖြစ်ခဲ့ပါတယ်။ အခုတော့ စစ်အစိုးရက နေပြည်တော်ကို မြို့တော်ရွှေ့ခဲ့ပါပြီ။ နောက်အပတ်မှာတော့ ဘာဖြစ်လို့ နေပြည်တော်ကို စစ်အစိုးရက မြို့တော် ပြောင်းရွှေ့ခဲ့ရသလဲဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။  

     (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၂)

                  ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို ဦးအောင်သူငြိမ်းက တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြို့တော်တခုမှာ ဘယ်လိုအင်္ဂါရပ်တွေ ရှိသင့်သလဲ၊ မြို့တော်တွေကို ဘယ်လို အခြေအနေ တွေမှာ ပြောင်းရွှေ့ကြသလဲဆိုတဲ့ လေ့လာချက်ကို တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ မြို့တော်တခုဆိုတာ ဘယ်လိုအင်္ဂရပ်တွေ ရှိသင့်သလဲ၊ အစိုးရတွေက ဘယ်လိုအခြေအနေမျိုးမှာ သူတို့နိုင်ငံ တွေရဲ့ မြို့တော်တွေကို ပြောင်းရွှေ့ကြသလဲဆိုတာကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က စာအုပ်အဖွင့်မှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရဲ့မြို့တော်တွေနဲ့ ပတ်သက်လို့ သီးသီးသန့်သန့်လေ့လာထားတဲ့ ပညာရပ်ဆိုင်ရာ စာပေတွေ မရှိဘူးလို့ စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် အခြားပညာရပ်နယ်ပယ်တွေဖြစ်တဲ့ ဗိသုကာပညာ၊ သမိုင်းပညာ၊ နိုင်ငံရေးသိပ္ပံ၊ မြို့ပြအစီအစဉ် ရေးဆွဲတဲ့ပညာ၊ လူမှုရေးဗေဒ၊ နိုင်ငံရေးပထဝီဝင်ပညာတွေအရ ကဏ္ဍအသီးသီးက လေ့လာထားမှုတွေတော့ ရှိကြပါတယ်။ အရင် အတိတ်ကာလ သက်ဦးဆံပိုင်ဘုရင်စနစ်တွေ တုန်းကတော့ မြို့တော်ဆိုတာ ဘုရင်ရဲ့ ထီးနန်းစိုက် စိုးစံရာ နေရာ ဖြစ်ပါတယ်။ ဘုရင်ပြည့်ရှင်မင်းရဲ့ အာဏာ ဗဟိုချက်မဖြစ်ပြီး၊ အာဏာနဲ့ လျော်ညီစွာ ထီးနန်းအဆောင် အယောင်တွေလည်း ရှိကြပါတယ်။ ဥပမာ မုခ်ဦး၊ ဂိတ်တံခါး၊ နန်းမြို့ရိုး စသဖြင့်ပါ။ ဒီဖက်ခေတ်သစ် လူမှုအဖွဲ့အစည်းတွေ မှာတော့ မြို့တော်ဆိုတာ အာဏာရဲ့ အထိန်းအမှတ်အဖြစ်၊ တိုင်းပြည်ရဲ့ အရေးပါတဲ့ မူဝါဒတွေကို ဆုံးဖြတ်ချက်ချမှတ်ရာ နေရာ အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပေမယ့်၊ အရင်က နန်းမြို့ရိုး၊ ဂိတ်တံခါးတွေကို အခုခေတ်သစ် မြို့ပြ အစီအစဉ် ရေးဆွဲမှု၊ တရား ဥပဒေ စိုးမိုးမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ စာရေးသူ ဒူယာပက်က လေ့လာပြီး အမျိုးအစားခွဲခြားထားရာမှာတော့ မြို့တော် အမျိုးမျိုး ရှိတယ်လို့ဆိုပါတယ်။ ပထမ အမျိုးအစားကတော့ ထာဝရတည်တံ့နေတဲ့ သမိုင်းဝင်မြို့တော်မျိုးပါ။ ဥပမာ လန်ဒန်၊ ရောမ၊ အေသင် စသဖြင့် မြို့တော်တွေပါ။ ဒုတိယအမျိုးအစားကတော့ ခုမှ အသစ်တည်ဆောက်မိတ်ဆက်တဲ့ မြို့တော်တွေပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ပြချင်လို့၊ အရင် ကိုလိုနီအတိတ်ကနေ ခွဲထွက်ပြီး အမျိုးသားရေး ဂုဏ်ပုဒ် တခုအနေနဲ့ ပြချင်လို့ တည်တဲ့ မြို့တော်တွေဖြစ်ပြီး အာဖရိကတိုက်က ဆွာဇီလန် နိုင်ငံမြို့တော် အမ်ဘာဘိန်း၊ ရဝမ်ဒါမြို့တော် ကီဂါလီလို မြို့တော်မျိုးပါ။ အဲဒါ အပြင် ပြည်နယ်တွေအကြား ညှိနှိုင်းအပေးအယူလုပ်ကြပြီး မြို့တော်အသစ်တည်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ-သြစတြေလျက ကင်ဘာရာ၊ ကနေဒါနိုင်ငံက အော့ တဝါတို့က အသစ်တည်ကြတဲ့ မြို့တော်တွေပါ။ တတိယအမျိုးအစား ကတော့ ခွဲခြားထားတဲ့မြို့တော်တွေ လည်း ရှိပါတယ်။ ဥပမာ- ဘိုလစ်ဗီးယားနိုင်ငံမှာ လာပက်ဇ်နဲ့ ဆူကာ မြို့တော်တွေက အပြင်းအထန်ပြိုင်ဆိုင်မှုတွေ ရှိနေလို့ အစိုးရလုပ်ငန်းတာဝန်တွေကို ခွဲဝေပြီး နေရာချပေးထားတာမျိုးလည်း ရှိပါတယ်။ တောင်အာဖရိက နိုင်ငံမှာလည်း ပရီတိုးရီးယားကို အုပ်ချုပ်ရေး တာဝန်တွေနဲ့ မြို့တော်၊ ကိပ်တောင်းကို ဥပဒေပြုရေးကိစ္စအတွက် လွှတ်တော်အခြေစိုက်ရာ မြို့တော်အဖြစ် ခွဲခြားထားတဲ့ သဘောပါ။ အဲဒါအပြင် မြို့တော်တွေရဲ့ လုပ်ငန်းတာဝန်၊ အသုံးကျပုံကလည်း အမျိုးမျိုး ရှိသေးတယ်လို့ ဆိုပါတယ်။ တချို့ မြို့တော်တွေက ကုန်သိုလှောင်ရုံသဘောမျိုး တာဝန်ယူပါတယ်။ ဥပမာ- စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ မြစ်ဝှမ်းလွင် ပြင်က ထွက်တဲ့သီးနှံတွေကို ကုန်သွယ်ရေးအတွက် ဗဟိုချက်မလို တာဝန်ယူတဲ့ မြို့တော်မျိုးပါ။ တချို့မြို့တော် တွေကျတော့ ထိုးစစ်-ခံစစ် ကောင်းရာကို ရွေးထားတဲ့ စစ်ရေးသဘောအသုံးဝင်တဲ့ မြို့တော်တွေလည်း ရှိပါ တယ်။ ခံတပ်မြို့တော်တွေလို့ ဆိုရမှာ ပေါ့ခင်ဗျာ။ နောက်တခုကတော့ ဘာသာရေးအရ အထွဋ်အမြတ်ထား ကြတဲ့ မြို့တော်တွေ ဖြစ်ပါတယ်။ သီရိလင်္ကာက ဗုဒ္ဓြွစွယ်တော်ရှိရာ ကန္ဒီနဲ့ မြန်မာနိုင်ငံက ပုဂံ၊ တိဘက်တွေရဲ့ လာဆာမြို့တော်၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာဝင်တွေရဲ့ မက္ကာနဲ့ ဂျေရုဆလင်လို မြို့တော်တွေလည်း ရှိပါသေး တယ်။ 
                      နောက်တခုက စာရေးသူက ဖန်တီးထားတဲ့မြို့တော် တွေလည်း ရှိသေးတယ်ဆိုပါတယ်။ စနစ်တကျ မြို့ပြ အစီအစဉ်တွေရေးဆွဲ တည်ဆောက်ထားတဲ့၊ ဗိသုကာပညာ အဆန်းတကျယ်တွေ ကွန့်မြူးထားတဲ့ မြို့တော် တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- သြစတြေလျက ကင်ဘာရာ၊ ဘရာဇီးလ်က ဘရာဆီးလီးယား၊ စပိန် ဒုတိယမြောက် ဖိလစ်ဘုရင်တည်ထားတဲ့ မက်ဒရစ်မြို့တော်၊ ရုရှားက ပီတာ ဘုရင်တည်ထားတဲ့ စိန့်ပီတာ စဘာ့ဂ်မြို့တော်မျိုး ဖြစ်ပါတယ်။ အဲဒါအပြင် အုပ်ချုပ်သုတွေ၊ မင်းဘုရင်တွေက မြို့တော်တည်ဆောက်ဖို့ စဉ်းစားကြတဲ့အခါမှာ ထည့်သွင်းစဉ်း စားလေ့ရှိတဲ့ နှလုံးအိမ်ပမာ ဗဟိုချက်ချာကျတဲ့ ဒေသ (Core area) သဘောကိုလည်း စာရေးသူက ထည့်သွင်း ဖော်ပြပါတယ်။ နိုင်ငံရေး-ပထဝီဝင်သဘောအရ အရေးပါတဲ့ဒေသပါ။ ဥပမာပေးဖော်ပြရရင်တော့ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်ပြီး၊ အဲသည်မြစ်ကြောင်းလွင်ပြင်တလျှောက်မှာပဲ ထီးပြိုင်နန်းပြိုင်၊ နန်းတော်မြို့ပြတွေ ပေါ်ပေါက်ခဲ့ကြဖူးပါတယ်။ အဲဒါအပြင် မြို့တော်တွေတည်ရင်၊ မြို့တော်တွေ ပြောင်းရွှေ့အခြေချမယ်ဆိုရင် ထည့်သွင်းစဉ်းစားလေ့ ရှိတဲ့အချက် တွေလည်း ရှိကြပါတယ်။ တခုကတော့ လုံခြုံရေးနဲ့ စစ်ရေးအကြောင်း တွေပါ။ တချိန်က ဆိုဗီယက်ရုရှားမှာ ဘောလတစ် ပင်လယ်က တိုက်ခိုက်လာမယ့် ရန်အရေးကို ကြောက်လို့ မြို့တော်ကို စိန့်ပီတာစဘာ့ဂ်ကနေ ပိုလို့ ကုန်းတွင်းကျတဲ့ မော်စကိုကို ရွှေ့ခဲ့တာမျိုးပါ။ မြန်မာ့သမိုင်းမှာလည်း ပုဂံကို မွန်ဂိုတွေ ဝင်ရောက်ဖျက်ဆီးပြီးနောက်ပိုင်း၊ ရှမ်းတွေ သြဇာချဲ့ထွင်လာတာကို ရှောင်ကွင်းနိုင်အောင် စစ်တောင်းမြစ်ဝှမ်းတောင်ငူမှာ မြို့ပြတည်ထောင်ခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ်။ ဒုတိယအကြောင်းရင်း ကတော့ အာဏာအင်အား ဖော်ပြလိုမှုနဲ့ နိုင်ငံရေးဖွဲ့စည်းမှုအနေအထားအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ 
               နိုင်ငံရေးအရ စင်ပြိုင်အင်အားစုတွေ၊ အခြားသြဇာတွေကို တွက်ဆရွှေ့ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမြို့တော်တခုရဲ့ အုပ်ချုပ်မှုအောက်မှာ နေရပေမယ့် အချို့တိုင်းရင်းသား အုပ်စုတွေက အိမ်နီးချင်းနိုင်ငံတွေက မြို့တော်တွေကို တိမ်းညွှတ်နေကြတာလည်း အများအပြားပါ။ နောက်အချက်ကတော့ ကိုလိုနီ ဆန့်ကျင်ရေး အမျိုးသားရေး ဇာတိပုညဂုဏ်မာန ပြချင်လို့ပြောင်းတာ၊ နိုင်ငံတကာ ဆက်ဆံရေး အနေအထားအရ ပြောင်းတာတွေလည်း ရှိပါတယ်။ တခါတလေ စီးပွားရေးပိုမို ဖွံ့ဖြိုးရာကို မြို့တော်ပြောင်းတာ ရှိသလို၊ သဘာဝကပ်ဘေး တွေကြောင့် မြို့တော်ပြောင်းရတာတွေလည်း ရှိခဲ့ပါတယ်။ ရေကြီးလို့၊ မိုးခေါင် ရေရှားလို့၊ ငလျင်ကြီးလှုပ်လို့၊ သရောကြီး ခိုင်းလို့ မြို့တော်ရွှေ့ခဲ့ကြတာကလည်း အများအပြား သမိုင်းမှာ တွေ့ခဲ့ ရပါတယ်။ အဲဒါအပြင် အခုဒီဖက်ခေတ်မှာတော့ မက်ထရိုပိုလီတန်လို့ ခေါ်တဲ့ မြို့ပြကြီးတွေရဲ့ ရှုပ်ထွေး များမြောင်တဲ့ ပြဿနာတွေကြောင့် အုပ်ချုပ်ရေး ထိရောက် လွယ်ကူအောင် ပြောင်းရွှေ့ကြတာလည်း ရှိပါတယ်။ 
                          ဥပမာ- မလေးရှားအစိုးရက အုပ်ချုပ်ရေးကိစ္စတွေကို ပူထရာ ဂျယာ မြို့တော်ကို ပြောင်းခဲ့သလိုမျိုးပါ။ ဒီဖက် ၂၁-ရာစု မှာတော့ မြို့တော်ကို နေရာအသစ်ပြောင်းဆောက်တာထက်စာရင် ဂလိုဘယ်လိုက်ဇေးရှင်းသဘော ကမ္ဘာနဲ့ ပိုမိုထိစပ်ဆက်နွယ်လာမှု၊ ကုန်သွယ်မှု၊ ဈေးကွက်စီးပွားရေး ကိစ္စတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ အကြား ပိုလို့ တုံ့ပြန်မှုမြန်ဆန်နိုင်အောင် မြို့တော်စနစ်တွေကို အသားပေးဆောင်ရွက်လာကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ကြီးကို စွန့်ပစ်ထားခဲ့ပြီး၊ နေပြည်တော်ကို တခမ်းတနားဆောက်နေကြပါတယ်။ ဆိပ်ကမ်းမနီး၊ လမ်းပန်းခရီးထောက်တဲ့အရပ်မှာ အတင်းအဓမ္မ စည်ကားအောင်လုပ်နေကြပါတယ်။ တိုင်းပြည် အရင်းအမြစ်တွေကိုလည်း ပုံအောသုံးလို့ မြို့တော်ဆောက်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ နောက်တပတ် မှာတော့ မြန်မာ့သမိုင်း၊ ဗမာ့သမိုင်းတလျှောက် နန်းမြို့တော်တွေ ပြောင်းရွှေ့ခဲ့ပုံကိုသမိုင်းကို ဆက်လက် တင်ပြပါဦးမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
             (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၁)

           မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦး အောင်သူငြိမ်းက ဒီတပတ်မှာ စာအုပ် သစ်တအုပ်နဲ့ မိတ်ဆက်ပေးထား ပါတယ်။ ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" လို့ အမည်ရတဲ့စာအုပ်ပါ။ ထိုင်းနိုင်ငံ မဟာဆာရခမ်တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ သင်ကြား နေတဲ့ဆရာတဦးဖြစ်တဲ့ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာ ဖြစ်ပါတယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစား ထား ပါတယ်။ စာအုပ်ရဲ့ နာမည်ကိုက "မြန်မာနိုင်ငံရဲ့ မြို့တော်သစ်၊ နေပြည်တော်" ဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ စာအုပ်က အခုနှစ်အတွင်း မကြာသေးခင်ကမှ ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားတဲ့သူကတော့ အခုအခါ ထိုင်းနိုင်ငံမှာ မဟာဆာရခမ်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာသင်ကြားနေတဲ့ ဆရာတဦးဖြစ်တဲ့ ဒူပါယက် ပရီချာရှာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်တော့ သူက ထိုင်းနိုင်ငံက နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ ချူလာလောင်ကောင် တက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ လေ့လာရေးဌာနမှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ် ရေးသားထားတဲ့ ကျမ်းပြု စာတမ်းဖြစ်နေတာ တွေ့ရပါတယ်။ ကျမ်းပြု စာတမ်းဆိုတော့ ဘာသာရပ် ဆိုင်ရာကိစ္စတွေနဲ့ စာလေးနေမယ် ထင်ရပေမယ့် ကိုယ့်မြန်မာနိုင်ငံအကြောင်း၊ နောက်တခုက စစ်အစိုးရက ဘာဖြစ်လို့ ရန်ကုန်ကနေ နေပြည် တော် မြို့တော်သစ်ကို ရွှေ့သွားရတာလဲ၊ ကျန်တဲ့ နိုင်ငံတကာ ပညာရှင်တွေကရော ဘယ်လို သုံးသပ်ရှုမြင် ကြသလဲဆိုတာ သိချင်စိတ်နဲ့ ဖတ်ရတဲ့အတွက်ကြောင့် စာဖတ်ရတာ သိပ်ပျင်းစရာမကောင်းလှဘူးလို့ ထင်မိ ပါတယ်။ သူက ဒီစာအုပ်ကို အခန်း (၇) ခုခွဲပြီး ရေးသား ထားပါတယ်။ အခန်းတွေအလိုက် သင့်သလို ကျနော် ဆက်လက်တင်ပြသွားပါ့မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရက နိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ လူသူမနီးတဲ့ ပျဉ်းမနားအနီးက မြို့တော်သစ် ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောတောင်ထဲမှာ အခုမှတည်ဆောက်နေဆဲ မြို့တော်ပါ။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ (နအဖ) စစ်အစိုးရက ရုံးတွေဆီကို မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနားမြို့အနီးမှာ တည်ဆောက်နေ ဆဲ မြို့တော်ဆီ ပြောင်းရွှေ့ရမယ်လို့ အမိန့်ရောက်လာခဲ့ပါတယ်။ လူအားလုံး၊ ဝန်ထမ်းအားလုံးလည်း ဆိုင်းဗုံ မဆင့်ဆိုတော့ အံ့သြ နေကြရပါတယ်။ ပျဉ်းမနားမြို့အနီး တောင်ကြားလွင်ပြင် တောခေါင်ခေါင်ဒေသ တခုထဲမှာ အခုမှ ရုံးတွေဆောက်နေဆဲပါ။ တချို့ရုံးဌာနတွေလည်းပြီး၊ တချို့ရုံးတွေ၊ လူနေအိမ်တွေလည်း မပြီးကြသေး ပါဘူး။ အခုမြို့တော်သစ်လို့ သတ်မှတ်တဲ့ နေရာက ရန်ကုန်မြို့ကနေ ၃၅ဝ ကီလိုမီတာလောက် ကွာဝေးပါတယ်။ နောက်တနေ့မှာတော့ စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံရဲ့မြို့တော်ကို ပျဉ်းမနား ခရိုင်ထဲက အသစ်တည်ဆောက်ထားတဲ့ မြို့သစ်တခုကို ရွှေ့မယ်ဆိုတာ ကြေညာခဲ့ပါတယ်။ အဲသည်အချိန် အထိ နေပြည်တော်ဆိုတဲ့နာမည် မပေးရသေးပါဘူး။ အဲသည်နေရာကို မြို့တော်သစ်ရွှေ့ရတဲ့အကြောင်းက နိုင်ငံရဲ့ အလယ်ဗဟိုဖြစ်တာရယ်၊ ပထဝီအနေအထားအရ မဟာဗျူဟာအရ အရေးပါလို့လို့ ဗိုလ်မှူးချုပ်ကျော်ဆန်းက အကြောင်းပြချက်ပေးခဲ့ပါတယ်။ နောက်တော့ သွေးတိုးစမ်းပြီးနေပြည်တော်လို့ သုံးလာခဲ့ပါတယ်။ ပထမ အုပ်ချုပ်ရေးမြို့တော်သဘော ပြောလာနေရာကနေ၊ နိုင်ငံရဲ့မြို့တော်ကိုပါ ပြောင်းလဲ သတ်မှတ်တယ်ဆိုတာမျိုး လုပ်လာခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်၊ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ ချီတက်ပွဲမှာမှ ပျဉ်းမနား ခရိုင်က ကျပ်ပြေးရွာကို နေပြည်တော်လို့ တရားဝင်ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ ရှေးဟောင်းဘုရင်တွေရဲ့ ထီးနန်း ဆန်ဆန် အသုံးအနှုန်းမျိုးပါ။ 
                ပထမက ပျဉ်းမနာနေပြည်တော်လို့ တွဲပြီးခေါ်ဆိုရာကနေ နောက်တော့နေပြည် တော်လို့ ခေါ်ဆိုလာပါတယ်။ ဖွဲ့စည်းပုံအသစ်ကို ၂ဝဝ၈ ခုနှစ်မှာ ပြဌာန်းတဲ့အခါမှာတော့ နိုင်ငံရဲ့မြို့တော်သစ် အဖြစ် တရားဝင်ဖော်ပြသတ်မှတ်ခဲ့ပါတော့တယ်။ ဘာအကြောင်းကြောင့် မြို့တော်ကို ပြောင်းရတယ်၊ ဘယ်လိုစဉ်းစားချက်ကို အခြေခံပြီး ပြောင်းတယ်ဆိုတာ အခု အချိန်တိုင် လူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ စစ်အစိုးရကတော့ နေပြည်တော်ကို မြို့တော် ပြောင်းခြင်း အားဖြင့် ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်လို့ ဆင်ခြေပေးပါတယ်။ လေ့လာသုံးသပ်သူအများစုက တော့ မဟာဗျူဟာအရ ပိုအရေးပါတဲ့နေရာကို ပြောင်းတာ၊ စစ်ရေးအရ အမေရိကန်ကမ်းတက်ရေတက်က ကျူးကျော်တိုက်ခိုက်လာမယ့်အရေး စိုးရိမ်စိတ်ကဲပြီး ပြောင်းတာလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ အချို့က လည်း တိုင်းရင်းသားသူပုန်တွေကို ပိုပြီး ထိရောက်စွာ ကိုင်တွယ်နှိပ်ကွပ်နိုင်အောင်၊ အချို့ကတော့ မြန်မာ ပြည်သူတွေက မကျေနပ် ဆူပူအုံကြွလာမယ့်အရေး စိုးရိမ်စိတ်နဲ့ ပြောင်းတယ်ဆိုတာ ထင်ကြေးပေးမှုတွေ ရှိပါ တယ်။ ဒါပေမယ့် တချို့ကတော့ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ မပြောင်းရင် အစိုးရပြုတ်ကျကိန်းရှိတယ်၊ ဗေဒင် ယတြာကိန်းအလိုအရ ပြောင်းရွှေ့တယ်ဆိုတာမျိုး သုံးသပ်ဝေဖန်မှု အမျိုးမျိုး ရှိခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ စစ်အစိုးရထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဘုရင်တွေ ဘုန်းတန်ခိုး အာဏာတက်လာရင် မင်းနေပြည် တော် အသစ်တည်ထောင်ကြသလိုပဲ၊ သူလည်း နန်းဆက်တခု၊ နေပြည်တော် မြို့သစ်တခု တည်ထောင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သလို၊ မြန်မာနဲ့ အိမ်နီးချင်း အစိုးရတွေတောင် အကြောင်းမကြား၊ အသိမပေးဘဲ ချက်ချင်းပြောင်းရွှေ့ခဲ့တဲ့ အတွက်ကြောင့် စိုးရိမ်ရ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရပါတယ်။ ဒီစာအုပ်ရေးသားတဲ့ စာရေးဆရာကတော့ အခုလိုကိစ္စတွေကို ပညာရှင်ရှုထောင့်က ချည်းကပ်ရေးသားတဲ့ စာတန်းတွေက နည်းလှတယ်၊ ပညာရှင်ရှုထောင့်က ချည်းကပ်လေ့လာတာမျိုး လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ သူ အခုစာအုပ် ကျမ်းပြု ရေးစဉ်မှာ ချူလာတက္ကသိုလ်က နာမည်ကျော် သမိုင်းပညာရှင် ပါမောက္ခဆူနိတ် ချူတိ တရာနွန်၊ နရီဆွန်တက္ကသိုလ် မြန်မာဘာသာဌာနက ပါမောက္ခတွေ၊ အခြားပညာရှင်တွေက အကြံပေးပံ့ပိုးခဲ့ ကြပါတယ်။ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ လေ့လာချက်တွေ မရှိဘူးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သုတေသီပညာရှင် မောင်အောင်မျိုးရေးသားတဲ့ စင်္ကာပူ အာရှ သုတေသန အင်စတီကျုက ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ စာတမ်း၊ "နေပြည်တော်သို့ သွားရာလမ်း၊ မြန်မာ အစိုးရက မြို့တော်သစ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း" ဆိုတဲ့စာတမ်းကိုလည်း ကျနော် ဖတ်ဖူးခဲ့ပါသေးတယ်။ 
     နောက်ပိုင်းမှာတော့ မောင်အောင်မျိုးနဲ့ အခုထိုင်းပညာရှင်တို့ သုံးသပ်ချက် ကွာခြားမှုတွေ၊ တူညီတာတွေကိုလည်း ဆက်လက်ဖော်ပြပါမယ်။ တကယ်တော့ မြန်မာစစ်အစိုးရ လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိသလို၊ လူအများက ပဟေဠိတွေ ကို အဖြေညှိနေရသလို တွက်ဆနေကြရတာပါ။ ဘယ်သူက အမှန်ဆိုတာ ပြောဖို့ခက်သလို၊ စစ်အစိုးရရဲ့ စဉ်းစား လုပ်ဆောင်ချက်တွေကလည်း အများအားဖြင့် ကျိုးကြောင်းဆီလျော် မရှိတတ်လေတော့ ပညာရှင်ဆန်ဆန် ချည်းကပ်လေ့လာဖို့ဆိုတာလည်း အတော်ခက်ခဲလှပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေး စာအုပ်သစ် တအုပ် တိုးလာတယ်ဆိုတာ ဝမ်းသာစရာပါ။ ပညာရှင်နယ်ပယ်မှာ ဘာပဲဖြစ်ဖြစ် ထပ်မံအသစ် တိုးလာတဲ့ စာအုပ်စာတန်းတခု၊ ကိုးကားဖွယ်၊ ဖတ်ရှုဆင်ခြင်ဖွယ် စာအုပ်တခု၊ မြန်မာစစ်အစိုးရကို တစေ့တစောင်း ဖော်ပြနိုင်တဲ့ စာအုပ်တခုလို့ ဆိုပါရစေ။ နောက်တပတ်မှာတော့ နေပြည်တော်နဲ့ပတ်သက်လို့ သူတင်ပြထားတဲ့ လေ့လာချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management