Sunday, February 8, 2009
အခုဒီပို့စ်မှာ ဖော်ပြလိုတာကတော့ တချို့သော လူတွေက လတ်တလော လူအများစု အာရုံစိုက်ခံရတဲ့ ရိုဟင်ဂျာကိစ္စကို ဘာသာရေးကိစ္စရပ်အထိ tempo မြှင့်နေကြတဲ့ ကိစ္စပါ။ ဒါကတော့ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ ပိုပြီး မဖြစ်သင့်ပါဘူး။
လက်ရှိအခြေအနေ မြန်မာပြည်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ ပြဿနာများကြောင့် အုပ်ချုပ်သူု အာဏာရှင်အပေါ်မှာ တမျိုးသားလုံးက မကျေမနပ်ဖြစ်နေကြတဲ့ အချိန်ကာလပါ။ ကမ္ဘာ့စီးပွားပျက်ကပ်ကပါ ထပ်လောင်းလိုက်တော့ လူထုအုံကြွမှုက အချိန်မရွေးပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုးပါ။ နအဖကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း လူအများက လက်မခံနိုင်ကြတဲ့ အခြေအနေမျိုးပါ။ သမိုင်းအဆက်ဆက် သင်ခန်းစာများအရ ဒီလို public outrage မြင့်လာချိန်မှာ မွတ်စလင်- ဗမာ အရေးအခင်းတွေ ဖြစ်ပွားလာတတ်ပါတယ်။ အာဏာပိုင်တွေရဲ့ ကြိုတင်ကြံစည် ဆောင်ရွက်မှုတွေပါ။ လူထုရဲ့ အာရုံကို လှည့်ပြောင်းခြင်း ပုံစံဖြစ်ပါတယ်။
ကမ္ဘာတ၀ှမ်းက တော်လှန်ရေးချေမှုန်းရေး သင်ခန်းစာများက နိုင်ငံရေး၊ တော်လှန်ရေး အခြေအနေတွေ တင်းမာလာချိန်မှာ လူထုနဲ့ တော်လှန်ရေးကို ခွဲထုတ်ခြင်း နည်းဗျူဟာ တခုအနေနဲ့ လူထုရဲ့ အာဏာပိုင်တွေအပေါ် နာကျည်းချက်တွေကို တခြားနည်းလမ်းနဲ့ ပေါက်ကွဲထွက်စေရမယ်လို့ ဆိုထားပါတယ်။ ဒီလိုဖြစ်လာဖို့ အက်ကြောင်းတွေ ရှာပြီး၊ ပေါက်ကွဲမှုဖြစ်လာအောင် လှုံ့ဆော်သွေးထိုးပေးရပါမယ်လို့ ပါရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လူထုရဲ့ မကျေနပ်မှုတွေ ပွင့်အန်သွားပြီး၊ အာဏာပိုင်တွေအနေနဲ့ကလဲ အရေးအခင်းတွေအပေါ် အခွင့်ကောင်းယူပြီး၊ political legitimacy ရအောင် တည်ဆောက်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ရလာနိုင်ပါတယ်။
မဆလ၊ န၀တ၊ နအဖ အာဏာပိုင်များဟာ ဒီနည်းကို တောက်လျှောက်ကျင့်သုံးခဲ့ကြပါတယ်။ ဒါကြောင့် တချို့သော ပုဂ္ဂိုလ်များက အခုရိုဟင်ဂျာကိစ္စကို အခွင့်ကောင်းယူပြီး၊ ဘာသာရေး စော်ကားမှုကနေတဆင့် မွတ်စလင်-ဗမာ အဓိကရုဏ်း အထိ တွန်းတင်လာကြတာတွေကို အထူးသတိထားကြပါ။ မဖြစ်အောင် ကြိုတင်ရှောင်ကြဉ်ကြပါလို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။
(၂၀၀၆) ခုနှစ်တုန်းကလဲ မြန်မာအမျိုးသမီးတယောက် မတရားပြုကျင့်ခံရတာကို တရားဥပဒေနည်းလမ်းနဲ့ မရှင်းကြပဲ၊ အဓိကရုဏ်းလမ်းကြောင်းပေါ်အထိ တွန်းတင်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒီတုန်းက ဒီမို ၂၀၀၆ လမ်းစဉ်အပေါ်မှာ အားလုံးတညီတညာတည်း ယုံကြည်အကောင်အထည်ဖော်နေကြတဲ့ အချိန်ပါ။ ဒါကြောင့် နအဖရဲ့ နိုင်ငံရေးကစားကွက်ထဲမှာ လိုက်မကမိအောင် သတိပြုကြပါလို့ တိုက်တွန်းရင်း အဲဒီအချိန်ကာလက ရေးခဲ့ဖူးတဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။
ခင်မမမျိုး (၈၊ ၂၊ ၂၀၀၉)


Burma Young Islamic Center
Posted in: 
0 comments:
Post a Comment
Burma Youth's Islamic Center