ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။

By... aungkyawlatt မှ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း တွင် တင်ပြခဲ့ပါတယ်

ကမန် တိုင်းရင်းသားများမှာ မြန်မာ အစိုးရမှ ထုတ်ပေးသော နိုင်ငံသား စိစစ်ရေး ကဒ်ပြား အစစ်အမှန်ကို ကိုင်ဆောင်ထားသူများ ဖြစ်ကြသော်လည်း ခရီးသွားလာရာတွင် အဆိုပါ နိုင်ငံသား ကဒ်ပြားဖြင့် ခရီးသွားလာခွင့်မရဘဲ ပုံစံ(၄) ဖြင့်သာ ခရီးသွားလာနေကြရသည်။

ကျွန်တော်တို့မှာ နိုင်ငံတော် အစိုးရမှ ထုတ်ပေးထားတဲ့ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အစစ်အမှန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို အဲဒီကဒ်ပြားတွေနဲ့ သွားလာလို့ မရဘူး။ ပုံစံ (၄) စာရွက်နဲ့သာ သွားနေရပါတယ်။ အဲဒီ ပုံစံ ၄ စာရွက်ကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်ထိ တင်ရပါတယ်။ ပြည်နယ်က ခွင့်ပြုချက်ရပြီးမှ သွားလာလို့ ရတာ ဖြစ်ပါတယ် ဟု မင်းပြားမှ ကမန်အမျိုးသား တစ်ဦးဖြစ်သူ ဦးသိန်းရွှေက ပြောသည်။

ယခင်အစိုးရ ခေတ်အဆက်ဆက်တွင် ကမန်တိုင်းရင်းသားများ အနေဖြင့် လွှတ်လပ်စွာ ခရီးသွားလာခွင့် ရခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးနောက်ပိုင်းတွင် ထိုကဲ့သို့ ကန့်သတ်ခံလာရခြင်း ဖြစ်သည်။

ယခုတက်လာသော အစိုးရလက်ထက်တွင် ကမန်တိုင်းရင်းသားများအား ပိတ်ပင် ကန့်သတ်ထားချက်များကို ပယ်ဖျက်ရန်အတွက် အာဏာပိုင် အဆင့်ဆင့်ကို တင်ပြထားသော်လည်း ယခုအချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း သိရသည်။

ရွှေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ဦးဇော်ဝင်းမှ ကမန် အမျိုးသားများ အပေါ် ခရီးသွားလာခွင့် ကန့်သတ် ချက်ကို ပယ်ဖျက်ရန် အစိုးရသစ်ထံ တောင်းဆိုထားကြောင်း ပြောဆိုသည်။
ကျွန်တော်တို့ ပါတီက ရွှေးကောက်ပွဲမှာ အနိုင်မရခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ တိုင်းရင်းသား ကမန် အမျိုးသားတွေအတွက် လုပ်ဆောင်ရမယ့် တာဝန်ရှိကြောင်း ကမန်အမျိုးသားတွေ အပေါ်မှာ ချမှတ်ထားတဲ့ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ အစိုးရသစ်ဆီမှာ တောင်းခံထားတာ ရှိပါတယ်။ ကန့်သတ်သင့်တာကို ကန့်သတ်ပါ။ မလိုလားတဲ့ ကန့်သတ်ထားချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာပါ။ ကျွန်တော်တို့လည်းဒီနိုင်ငံက တိုင်းရင်းသား လူမျိုး တစ်မျိုးဘဲ။ နိုင်ငံသား အခွင့်အရေးကို ဖွဲ့စည်း အုပ်ချုပ်ပုံနဲ့ အညီ ကျွန်တော်တို့လည်း တခြား လူမျိုးတွေလို ရသင့်တယ်ထင်လို့ ခရီးသွားလာခွင့် ကန့်သတ်တာကို ပြန်လည် စဉ်းစားပေးဖို့ တင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျား။

ယခုကဲ့သို့ တင်ပြထားသော်လည်း သက်ဆိုင်ရာမှ ယခု အချိန်ထိ တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သူက ပြောဆိုသည်။

ကမန်တိုင်းရင်းသားများမှာ အစ္စလာမ်ဘာသာကို ကိုးကွယ် ယုံကြည်သူများ ဖြစ်ပြီး ရခိုင်ပြည်တွင် ရှေးရခိုင်ဘုရင်များ လက်ထက်က လေးသည်းတော်များ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။

သံတွဲမှ တခြား အစ္စလာမ်ဘာသာဝင် တစ်ဦးကလည်း ကျွန်တော်တို့က ဧည့်နိုင်ငံသားတွေလည်း မဟုတ်ဘူဗျာ။ ကျွန်တော်တို့ဟာ ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက ဒီနိုင်ငံမှာ နိုင်ငံသား အဖြစ်နဲ့ နေထိုင်လာတာပါ။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေကိုလည်း အစဉ် အဆက် ကိုင်လာခဲ့ကြတဲ့ သူတွေ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လွတ်လပ်စွာ ခရီးသွားလာလို့ မရ ဖြစ်နေပါတယ်။ ပုံစံ ၄ စာရွက်နဲ့ ပြည်နယ် အဆင့်ထိ ခရီးသွားလာခွင့်ကို တင်ရတယ်။ အဲဒီကျမှ ခရီးသွားရတယ်။ တခါ တခါ ခွင့်ပြုချက်ရဖို့ တစ်လ နှစ်လ စောင့်ရတယ်။ ရတာကလည်း ၁၅ ရက်ဘဲ ဆိုတော့ လူတွေက ခရီးသွားလာရတာ တော်တော့ကို အခက်အခဲတွေ့ပါတယ်။ ကျန်းမာရေး အရ ရန်ကုန်တို့ကို သွားရတဲ့ သူတွေဆိုရင် ပိုအခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့က နိုင်ငံသားကဒ် အစစ်အမှန်ကို ကိုင်ထားပြီး တခြား တိုင်းရင်းသားတွေလို သွားလာခွင့် မရှိဘဲ ပိတ်ပင်ခံထားရပါတယ် ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ သံတွဲ၊ ကျောက်ဖြူ ခရိုင် ဘက်တွင် နိုင်ငံသား ကဒ် အစစ်အမှန်ကို ကိုင်ထားသော ရှေးယခင်ကတည်းက နေထိုင်လာသော ကမန်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များ ရှိသော်လည်း သူတို့ကို ဘူးသီးတောင်၊ မောင်တောရှိ အစ္စလာမ် ဘာသာဝင်များနှင့် တတန်းတည်းထားကာ ခရီးသွားလာခွင့်ကို အစိုးရက ပိတ်ပင်ထားသည်။

ဘူးသီးတောင်၊ မောင်တောရှိ အစ္စလာမ်ဘာသာဝင်များကို လက်ရှိ အစိုးရမှ ဘင်္ဂလီ ဧည့်နိုင်ငံသားများ အဖြစ် သတ်မှတ်ထားပြီး အဖြူရောင် ကဒ်ပြားများကိုသာ ထုတ်ပေးထားသည်။

ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များကို ခရီးသွားလာခွင့် ပြုပါက ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်များမှာ ရခိုင်ပြည်နယ်တွင် မနေထိုင်ဘဲ ဗမာပြည်ဘက်သို့ ပြောင်းရွှေ့ အခြေချသွားမည်ကို စိုးရိမ် သဖြင့် အာဏာပိုင်များက ယခုကဲ့သို့ ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management