အပြစ်မရှိဘဲ တရားခံအဖြစ် အစားထိုးခံရသူ ဖြိုးဝေအောင်ကို နအဖက ဆက်ဖမ်းထားရင် နအဖ သန်းရွှေတို့  အရှက် လုံးဝ မရှိတာဘဲ။

“ရဲချုပ်ခင်ရီရဲ့ထွက်ပေါက်ရှာဖန်တီးဇတ်မှာ သားကောင်ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”။ ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုန်းချိုအပါအ၀င်၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌဦးကျော်ငြိမ်း ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဗိုလ်ကြီးသန့်ဇင်သိန်း ၊ ရဲမှုးများ ၊ ဒုရဲအုပ်များ ၊ ရယကများ ၊ ကြံ့ဖွတ်များနဲ့ နအဖခိုင်းဖတ် လက်ပါးစေအများအပြား သေဆုံးဒါဏ်ရာ ပြင်းစွာရခဲ့ပြီး ပြည်သူလူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးဗုံးပေါက်ကွဲမှုကို ဘယ်သူလုပ်တာလဲလို့ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့ပါတယ်။
            ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်းခဲ့ပြီး ကျောင်းသားလူငယ်လေးတွေကအစ သေနတ်ကိုင်ပြန်တိုက်တဲ့ခေတ် (၂၂နှစ်ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ်သုံးရာကျော်ပြီလို့ နအဖရဲ့ထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တစ်လတစ်ကြိမ် နှုန်းလောက်ကွဲနေသလိုမို့ ဗမာပြည်သူတွေရော၊ နိုင်ငံတကာကပါ ယဉ်ပါးနေပြီး ဗုံးကွဲတယ်ဆိုတာကို သိပ်စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီ ၊ တိုင်းပြည်မတည်ငြိမ်ဘူးဆိုပြီး ဆက်အုပ်ချုပ်လို့ရအောင် သူတို့ဘာသူတို့ခွဲတာနေမှာပါဆိုတာမျိုးလဲ ပြည်သူအများစုက သဘောထားခဲ့ကြပါတယ် ၊ ခု ဧပြီလ (၁၅)ရက် ၊ သကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော ၊ လူအများ အပြားထိခိုက်တာကြောင့်ရော ၊ စစ်ဘက်အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိ ရာထူးကြီးကြီးမားမားပုဂ္ဂိုလ် များနဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းကြားထိခိုက်မှုများတာကြောင့်ရော ၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့မြေး နေရွှေသွေးအောင်လာလို့ စစ်အုပ်စုအချင်းချင်းလုပ်တာလို့ အမျိုးမျိုးပြောနေကြတာတွေကြောင့်ပါ ကမ္ဘာကရော မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်တစားရှိခဲ့တာပါ။ စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်ကဗုံးတွေနဲ့မတူပဲ သေဆုံးဒါဏ်ရာရစာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ်တွေကနေလဲ (အာဏာပိုင်အဖွဲ့စည်းဝင်တွေထိပုံတွေနဲ့ အကြောင်းရာ ကလွဲရင်) ဓါတ်ပုံတွေနဲ့တကွ ဖေါ်ပြခွင့်ပေးခဲ့ပါတယ် ၊ နောက်ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေဆယ်သိန်းပေးမယ်လို့ တယကကြေငြာချက်ထုတ်ပြန်ပြီး ရန်ကုန်တိုင်းမြို့နယ်ပေါင်းစုံက ရယကရုံးတွေနဲ့ လူစည်ကားရာလမ်းဆုံလမ်းခွတွေ ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါတယ် ၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်ဥက္ကဌက ဗုံးပစ်လိုက် တာကို မြင်လိုက်ပြီးဝပ်လို့အော်လိုက်ကြောင်း ၊ ဗုံးပစ်သူတယောက်ကိုနေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရစာပေစီစစ်ရေးက ခွင့်ပြုထုတ်ဝေတဲ့ ဂျာနယ်တွေထဲမှာလဲ ဖေါ်ပြထားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီး သုံးပါတ်အကြာမှာတော့ အားလုံးသိပြီးတဲ့အတိုင်း ရဲချုပ်ခင်ရီက အလွဲလွဲအချော်ချော် သတင်းစာရှင်းပွဲလုပ်ပါတယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူတယောက်ကို ဖမ်းမိထားတယ်ပြောပြီး VBSW , ABSDF , DAB , NCUB , KNU စတဲ့အဖွဲ့များစွာကိုလဲစွပ်စွဲလိုက်ပါတယ်။               ရဲချုပ်ခင်ရီရဲ့ ရှေ့နောက်မညီ အလွဲလွဲအချော်ချော်သတင်းစာရှင်းပွဲကို သေချာလေ့လာပြီးချိန်မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင်ပါဝင်ကျူးလွန်သူလို့ စစ်အစိုးရဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ်ကျူးလွန်သူ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာ ၊ စဉ်းစားစရာဖြစ်လာပါတယ်။ နဂိုကတည်းက ယုံစရာမကောင်းလို့ စစ်အစိုးရပြောတာတွေမို့လို့ လို့ ၊ စိတ်အခံကြောင့်လက်မခံ တာမျိုးမဟုတ်ပဲ လုပ်ကြံဖန်တီးထားတဲ့ဇတ်လမ်းဖြစ်နိုင်တယ်လို့ ရဲချုပ်ခင်ရီဆက်စပ်ပြနေတဲ့အလွဲ တွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံဇတ်ထွင်ရသလဲဆိုတာနဲ့ ကိုဖြိုးဝေအောင်က ဘာကြောင့် တရားခံအဖြစ်ပြခံရလဲဆိုတာ ပြောစရာရှိလာပါတယ်။ အဓိက လုပ်ကြံဇတ်ထွင်ရတဲ့အကြောင်းက သူ့တပ်သူထိန်းဘို့ပါ ၊ နအဖဟာ ဘယ်ပြည်သူ ဘာပြောပြော ၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရုမစိုက်ပါဘူး ၊ ကမ္ဘာနဲ့ပြည်သူတွေ ကို လိမ်ဘို့ဆိုတာထက် သူ့တပ်ထဲမှာဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့ ၊ အာဏာရှင်သန်းရွှေနဲ့ စဉ်းစားဥာဏ် မရှိတဲ့ သူ့တပ်အသိုင်းအ၀ိုင်းကို ပြန်လိမ်တာပါ။ X2O ရေကစားမဏ္ဍပ်ဟာ စစ်အုပ်စုရာထူးကြီးပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာဖြစ်ပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ သွားလာနေခဲ့ပါတယ် ၊ အမှတ်(၄)စစ်ဒေသမှုး ဗိုလ်မှုးကြီးအုန်းချိုက သူ့အပိုင်စစ်ဒေသ မဟုတ်ပဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေးအတွက် သီးသန့်လာစောင့်ပေးနေရတာပါ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၀င်ထွက်ခွင့် တံဆိပ်ပါကားတွေ ရပ်ထားပြီး ဗိုလ်မှုးကြီးကိုယ်တိုင် လုံခြုံရေးယူပေးနေတာမို့ သက်ဆိုင်ရာမြို့နယ် ရဲမှုးနဲ့ မယကဥက္ကဌအပါအ၀င် လုံခြုံရေးများစွာရှိနေတဲ့ကြားမှာ ကွဲခဲ့ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ်စရာတွေ ဖြစ်လာပါတော့တယ် ၊ ဖိုးလပြည့်ကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ တခြား VIP သားသမီးတချို့ကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း ၊ ဗိုလ်မှုးကြီးအုန်းချိုကို မကြည်တဲ့ တပ်တွင်းအသိုင်းအ၀ိုင်း တခုခုကလုပ်တာလို့ သူတို့အချင်းချင်းကြားမှာကို ထင်ကြေးတွေယူဆချက်တွေ အမျိုးမျိုး ဖြစ်လာခဲ့တာပါ ။ ၂၀၁၀ ဇန္န၀ါရီလထဲမှာ တောင်ဥက္ကလာပမြို့နယ် ၊ ချယ်ရီဥယျာဉ်အိမ်ယာက နေပြည်တော်တိုင်းမှုး ဗိုလ်မှုးချုပ်ဝေလွင်နေအိမ်နဲ့ နယ်စပ်စည်ပင်ဒုဝန်ကြီး ဗိုလ်မှုးကြီးတင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေတွေ့ခဲ့ပြီး သတင်းထုတ်ပြန်ခြင်းမရှိပဲ ဖုံးကွယ်ထားခဲ့ပါတယ် ၊ (သုံးလကျော်ကြာပြီးမှ ခု သတင်းစာရှင်းပွဲမှထုတ်ပြောတာပါ ) ၊ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းနဲ့ အရာရှိကြီးတွေသာသိခဲ့ပြီး ချယ်ရီဥယာဉ်အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေကိုတောင် အဲဒီဝန်းထဲမှာပဲ ကျိတ်ပြီးစစ်ခဲ့ပါတယ် ၊ တယောက်နဲ့ တယောက် လေးစားမှုမရှိပဲ အကျိုးခံစားမှုတွေနဲ့ ၊ အမိန့်အာဏာတွေကပေါ်နေ ပါတ်သက်နေကြတဲ့ အသိုင်းဝိုင်းဖြစ်တာကြောင့် ၊ သတင်းလုံခြုံမှု မရှိပဲ ပေါက်ထွက်လာပြီး ပြည်ပသတင်းဌာနတွေကနေ ပြောမှ သိကြရတာကြောင့် တပ်တွင်းမှာပဲ အချင်းချင်း ပြန်လုပ်နေသလား ၊ တယောက်ကိုတယောက် မယုံသင်္ကာနဲ့ ကြည့်နေခဲ့ကြတာမှာ ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာပိုကြီးစေခဲ့ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါအ၀င် ဗိုလ်ချုပ်ကြီးတွေကြားမှာ မလုံမခြုံဖြစ်လာပြီး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့်အရာရှိတွေ နေပြည်တော်သွားလာခွင့် ကန့်သတ်လိုက်တာ ၊ လူအင်အား လက်နက် အင်အားစာရင်း ကြိုသတင်းပို့ရမှာတွေ ဖြစ်လာပါတယ်။ သို့လောသို့လောနဲ့ အချင်းချင်း မယုံမကြည်ဖြစ်လာတဲ့ တပ်တွင်းပဋိပက္ခကို ထိန်းဘို့ ၊ မျက်မာန်ရှနေတဲ့ အာဏာရှင်ကြီးသန်းရွှေကို နှစ်သိမ့်နိုင်ဘို့ ၊ သောက်သုံးမကျသလိုဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေးတွေရဲ့ သိက္ခာကို ကာကွယ်ဘို့ ၊ ပြည်သူတွေကြားမှာ ပြောနေတဲ့ စစ်အစိုးရကိုယ်တိုင်ခွဲတာပါကွာဆိုတာကို ရှင်းပြီးသားဖြစ်အောင်လို့ ၊ အတိုက်အခံတွေကို နိုင်ငံရေးအရထိုးနှက်ရအောင်လို့ စသဖြင့် အကြောင်းအရာတွေကြောင့်  လုပ်ကြံဇတ်ထွင်ရခြင်း ဖြစ်ပါတယ် ။ ရဲချုပ်ခင်ရီရဲ့အကြံပေး ဇတ်လမ်းရေးဆရာတွေရဲ့ ရွှေဥာဏ်တော်စူးရောက်မှုမှာ သားကောင်ဖြစ်ခဲ့ရတာက ကိုဖြိုးဝေအောင်ပါ ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံအဖြစ်ပြခံရလဲဆိုတာက ဇတ်လမ်း ဖန်တီးလွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ ၊ ကိုဖြိုးဝေအောင်ဟာ ၂၀၁၀ ဇန္န၀ါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှုးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာအဖြစ် လုပ်ခဲ့ဘူးသူတယောက်ဖြစ်ပြီး သံသယဖြစ်ဘို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီးနေထိုင်ခဲ့တာကြောင့် အဲဒီဗုံးကိစ္စမှာ စစ်မေးခံဘူးသူ ၊ ထောက်လှမ်းရေးတွင် ခံဝန်လုပ်ထားရသူဖြစ်ပါတယ် ၊ သင်္ကြန်အပြီး ပြစ်ချက်ဟောင်းရှိသူ သံသယဖြစ်စရာ အားလုံးကို ဖမ်းတာမှာ ပြန်အဖမ်းခံခဲ့ရတာဖြစ်ပါတယ် ။ ပထမအကြိမ် ချယ်ရီဥယျာဉ်အိမ်ယာဝန်းထဲမှာ အလုပ်သမားတွေရှေ့မှာ စစ်ဆေးတာမျိုးမဟုတ်ပဲ စစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာဖြစ်တဲ့အတွက် အရင်က နိုင်ငံရေးလုပ်ခဲ့တာတွေ ၊ နိုင်ငံရေးနယ်ပါယ်ကသူတွေနဲ့ ပါတ်သက်ခဲ့တာတွေကို ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ် ၊ ( ဥပမာ) ၁၉၉၉ ခုက တောင်ကြီးမြို့ ၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံးအရေးအခင်းအတွက် စာဖြန့်တယ်ဆိုပြီး ဌာနမှုးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေးကင်းရှင်းပြီး ကောင်းမွန်စွာနေထိုင်ကျောင်းတက်ပါမည်ဟု ၀န်ခံလက်မှတ်ထိုးဘူးကြောင်း ၊ ၂၀၀၇ သြဂုတ်လကုန်က ရှစ်လေးလုံးအရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားနှင့် လောင်စာဆီဈေးနှုန်းတက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း ၊ သံဃာတော်များအား ထောက်ခံသင့်ကြောင်းစာကို အစ္စလာမ်ဘာသာဝင်များကြား ကိုယ်တိုင်ရေးသားဖြန့်ဝေခဲ့ကြောင်း ၊ တောင်ဥက္ကလာ ငွေကြာယံဘုန်ကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေးနေချိန်ဖြစ်၍ ၄င်းသံဃာတော် များနှင့်အတူ လမ်းလျှောက်စဉ်လိုက်ပါခဲ့ကြောင်း ၊ အတူလုပ်ခဲ့သူများမှာ ၂၀၀၇ ပြီးနောက်တွင် ထိုင်း နိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြဖြစ်ခဲ့မှာ ဖြစ်ပါတယ်။ မူလထဲက လက်တွေ့ကျူးလွန်သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံအစားထိုးဘို့ ကြံစီနေတဲ့ ရဲချုပ်ခင်ရီနဲ့ ထောက်လှမ်းရေးအုပ်စုဟာ ဖြိုးဝေအောင်နဲ့တခြားစွပ်စွဲသူတွေကို ဇွတ်ဆက်စပ်ရပါတော့တယ် ၊ တခြားစွပ်စွဲခံရသူတွေကို ဒီကိစ္စမှာ ပါဝင်ပါတ်သက်တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကထဲက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန် တွင်း အပြီးလုပ်ပေးမယ်လို့  လက်ခံခဲ့တာကြောင့် နှစ်ယောက်အတူတွဲပြီး နေ့/ည လုပ်နေကြောင်း ၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှုဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်းစင်တာမှာပဲ ရှိနေတယ်ဆိုတာ ကိုမျိုးကြီး ၊ အလုပ်သမားများနှင့် ရန်ကင်းစင်တာမှ တာဝန်ကျဝန်ထမ်းများ ၊ လုံခြုံရေးများလဲသိကြောင်း ၊ လာဖမ်းသွားပြီးနောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံးကိစ္စ စစ်မေးရန်ခေါ်သွားကြောင်းပြောရာ ငါနဲ့အတူရှိနေတာပဲ ၊ သူနဲ့မှ မဆိုင်တာ ၊ ဒါဆိုပြန်လွတ်လာမှာပါ ပူမနေနဲ့ပြောကြောင်း ၊ ကျွန်မအမျိုးသားက မတရားစွပ်ဆွဲခံရတာပါလို့ RFA ကို ပြောသွားတာ တွေ့ရပါတယ်။ 
      ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာချုပ်နှောင်ထားပြီး ၊ ၁၁.၅.၂၀၁၀ အင်္ဂါနေ့ က မိခင်ဒေါ်မာမာဆွေနဲ့ ညီဖြစ်သူ ဒေါက်တာထက်ဝေအောင်တို့ ၁၅မိနစ် တွေ့ခွင့်ရခဲ့ပါတယ် ၊ ဒေါက်တာထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုမျိုး လုပ်ခံထားရပုံပေါ်နေပြီး တွေ့ခွင့်ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာလေးမျိုးကိုပဲ ထပ်ကာထပ်ကာ ပြောနေခဲ့တယ်လို့ပြောပါတယ် ၊ အဓိကကတော့ သူမတရားခံရတာဖြစ်ကြောင်း ၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့သိရပါတယ် ၊ ဇနီးဖြစ်သူ မဌေးဌေးက ရှေ့နေဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေပါဝါယူဘို့ အင်းစိန်ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့်မရခဲ့ပဲ ထောင်အာဏာပိုင်တွေက သူတို့ဘက်က လက်မှတ်ထိုးလုပ်ပေးရမဲ့ဟာ လုပ်ပေးထားပြီးပြီ ၊ SB က ခွင့်မပြုသေးလို့ဟု ပြောကြောင်း ၊ သူ့အမှုလိုက်သက်တမ်းမှာ နိုင်ငံရေးမှုပဲဖြစ်ဖြစ် ဘာမှုပဲဖြစ်ဖြစ် ဒီလိုမျိုး တခါမှ မရှိဘူးကြောင်း VOA ကို ပြောသွားတာလဲ ကြားရပါတယ် ။ အဖြေကရှင်းပါတယ် ၊ ရှေ့နေပါဝါလွှဲခွင့်ပေးလိုက်ရင် ပုဒ်မတခုခုတပ်ထားတာ ပြောရတော့မယ် ၊ ထောင်ပို့ပြီဆိုကထဲက ပုဒ်မတခုခု တပ်ပို့ရတာပါ ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ် ၊ ရှေ့နေက စွပ်ဆွဲထားရာအမှု (ပုဒ်မ) နဲ့ ပါတ်သက်ပုံကိုမေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန်သိရတဲ့အခါ ရှေ့နေက သက်သေပြလို့ရတဲ့သူတွေကို လိုက်ဆွေးနွေးမယ် ၊ ကိုမျိုးကြီးခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ ၊ ရန်ကင်းစင်တာက ၀န်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေဖြစ်လာရင် လုပ်ကြံဇတ်လမ်းသတင်းစာရှင်းပွဲဆိုတာ ထင်ရှားသွားမယ် ၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး ၊ သက်သေပြခွင့် မပေး ၊ အများပြည်သူရှေ့မှာ စစ်ဆေးမှုမပြုပဲ ဥပဒေမဲ့ တဘက်သတ် မတရားထောင်ချမယ်ဆိုတာ သေချာပါတယ် ။ အာဏာရှင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို ဖြေရှင်းချက်ပေးဘို့နဲ့ ထုံးစံအတိုင်း ပြည်သူတွေကို လိမ်ညာလှည့် ဖြားဘို့ ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင်ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင်လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင်ဖြစ်သွားနိုင်တာမို့ အခြေခံအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့ ။ (မောင်ချင့်ချိန်)။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management