UNHCRမှ လက်ခံထားသော မူဆလင်ဘာသာဝင်ဒုက္ခသည် ၉၀၀၀ ဦးရေကိုမြန်မာနိုင်ငံမှ ပြန်လည်လက်ခံသွားမည်

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်တူ မနေ့က ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာရှိ မူဆလင်ဘာသာဝင် ဒုက္ခသည် ၉၀၀၀ ဦးရေကို လက်ခံသွားမည်ဖြစ်ကြောင်း ဒီဇင်္ဘာလ ၃၀ ရက် မနက်ပိုင်းက ဘင်္ဂလာသတင်းဌာနခုဖြစ်သော Channel 1သို့ ဘင်္ဂလာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များပြောကြား သွားဟု ဖေါ်ပြသွားခဲ့သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ကိုတိုးပါလောင်နှင့် နော်ယာပါရာ မူဆလင်ဘာသာဝင်ဒုက္ခသည် စခန်းနှစ်ခုမှ ၉၀၀၀ ဦးရေကို မြန်မာနိုင်ငံမှ လက်ခံသွားမည်ဖြစ်သည်။ သို့သော်လည်း တတိယမြောက်စခန်း ဖြစ်သော နီလာလေဒါ မူဆလင်ဘာသာဝင် ဒုက္ခသည်စခန်းအတွက်မူ မြန်မာမှလက်ခံဆွေးနွေးမှု မရှိခဲ့ချေ။
မြန်မာမှ မူဆလင်ဘာသာဝင် ၉၀၀၀ ဦးရေအား လက်ခံသွားမည့် သဘောတူညီမှုကို မြန်မာဘက်မှ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ် (၅)ဦးနှင့် ဘင်္ဂလာဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် မစ္စတာ မိုဟာမက် မီဂျာရူလိ ကွေးယစ် (Mohamed Mijarul Quayes) ဦးဆောင်သော ကိုယ်စားလှယ်များ ဒက္ကားမြို့တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနဧည့်ခန်းမ၌ ဒီဇင်္ဘာလ ၂၉ ရက်နေ့က ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိခဲ့ကြသည်။
ယနေ့ ဒီဇင်္ဘာလ (၃၀)နေ့တွင် ဘင်္ဂလာဘက်မှ မြန်မာကိုယ်စားလှယ်သို့ အစည်းအဝေးတွင် နှစ်နိုင်ငံ ရေပြင်ပိုင် နက်သတ်မှတ်မှု၊ နယ်စပ်လုံခြုံရေးနှင့် စပ်လျား၍မြန်မာမှခြံစည်းရိုးကာရံမှု၊ နှစ်နိုင်ငံ အာရှကားလမ်းမဆက်လက် ဖေါက်လုပ်ရေး၊ နှစ်နိုင်ငံစီးပွားရေး၊ ဘင်္ဂလာအနေဖြင့် မြန်မာမှဂစ်နှင့်ရေအားလျှပ်စစ် ၀ယ်ယူမှုတို့ကို ဆက်လက်အတည်ပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တခြားတဖက်မှာ ဘင်္ဂလီ စီးပွားရေးသမားများအား မြန်မာနိုင်ငံတွင် ယခင် ၁ပတ်မှ ယခုအခါ ၂ ပတ်အထိ နေထိုင်ခွင့်ဗီဇာ တိုးမြှင့် လက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာအာဏာပိုင်များမှ မနေ့က ဆွေးနွေးပွဲတွင် သဘော တူညီခဲ့သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နအဖစစ်အုပ်စုကြောင့် မြန်မာနိုင်ငံမှ ကျူးကျော်ဝင်ရောက်နေထိုင်လျှက် ရှိနေကြသော စီးပွားရေးဒုက္ခသည် မူဆလင်ဘာသာဝင် ၃၀၀၀၀၀ ကျော်ရှိနေကြောင်းနှင့် တရားဝင်ဖြစ်သော အဆိုပါ မူဆလင် ဘာသာဝင်ဒုက္ခသည် ကိုတိုးပါ လောင်နှင့် နော်ရာပါတီ စခန်းနှစ်ခုတွင် ၃၀၀၀၀ ကျော်ရှိနေပြီး တရားမ၀င် နီလာလေဒါစခန်းတွင် ၁၇၀၀၀ ကျော်ရှိကြောင်း UNHCR-BDနှင့် ဘင်္ဂလာအာဏာပိုင်တို့ စစ်တမ်းကောက်ချက် အရ သိရှိရသည်။
တခြားတဖက်မှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ သူဌေးချောင်း၊ စိုင်း တောင်ရေတံခွန်နှင့် တခြားဒေသများတွင် တည်ဆောက်လျှက်ရှိနေသော ရေအားလျှပ်စစ် စီမံကိန်းများမှ ထွက်ရှိမည့် မီကာဝပ်တို့ကို ၀ယ်ယူရန် မြန်မာစစ်အုပ်စုအား ကမ်းလှမ်းထားသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးကိုတိုးမြှင့်လုပ်ဆောင်သည့်နေရာတွင် မကြာခဏ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ နယ်စပ်တပ်များဂေါက်ရိုက်-ဘောလီဘောကစားခြင်းနှင့် နှစ်နိုင်ငံထိပ်တန်းအဆင့်သာသိသည့်အပေးအယူများကို လုပ်ဆောင်ခြင်း ဖြင့်ဆောင်ရွက်လျှက် ရှိနေသည်။ လာမည့်နှစ် ဇန္န၀ါရီလ အစောပိုင်းတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲတခုကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။
ယခင်က ဘင်္ဂလာမှ မြန်မာသို့ မူဆလင်ဘာသာဝင် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ဆွေးနွေးတိုင်း မြန်မာ အနေဖြင့် အဆိုပါ ဒုက္ခသည်များ ဖြစ်ပေါ်နေသည့် အခြေအနေကို သူတို့နှင့်မဆိုင်ကြောင်းနှင့် သူတို့လုပ်တာမ ဟုတ်ကြောင်း အစည်းအဝေးများတွင် မကြာခဏ ဖြေကြားလေ့ရှိသည်။

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management