နေပြည်တော်(၄)

             ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက် နေပါတယ်။ ဒီတပတ်မှာတော့ အခု စစ်အစိုးရလက်ထက်မှာ ဘာဖြစ်လို့ "နေပြည်တော်"ဆိုပြီး မြို့တော်အသစ် ပြောင်းရွှေ့ရတယ်ဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ 
             စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော်ကို မြန်မာစစ်အစိုးရက မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြောင်းကို ပထမပိုင်း နိုင်ငံရေး-စစ်ရေးအကြောင်းပြချက်နဲ့ သုံးသပ်ရာမှာ အဓိကအကြောင်းအချက် ၃- ချက်ကို ဆွေးနွေးထား ပါတယ်။ အဲဒီအချက်တွေ မဆွေးနွေးခင်၊ သူက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အပေါ် ရှုမြင်ပုံ၊ အာဏာအပေါ် ရှုမြင်ပုံတွေကို တင်ပြပါတယ်။ မြန်မာစစ်အစိုးရက တို့တာဝန်အရေး ၃-ပါး ဆိုပြီး "ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲ ရေး"လို့ ပြောနေပေမယ့် အမှန်မှာတော့ စစ်ခေါင်းဆောင် အဆက်ဆက်က သူတို့အာဏာနဲ့ပတ်သက်ရင် ရှုမြင်ပုံက အကန့်အသတ်ရှိတယ်လို့ မြင်ပါတယ်၊ သူတို့အာဏာနဲ့ စင်ပြိုင်ဖြစ်လာမယ့် သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးကို မထားလိုကြပါဘူး၊ ကြီးထွား ရှင်သန်ခွင့် မပေးလိုကြပါဘူး၊ တလျှောက်လုံးမှာလည်း ပြည်တွင်း ပြည်ပက အာခံလာမယ့်ရန်၊ ဝင်ပြီး စွက်ဖက်မယ့် အရေးတွေ ကိုလည်း အထူးစိုးရိမ်ကဲနေကြပါတယ်၊ ဒါကြောင့်ပဲ ပြည်ပအားကိုး ပုဆိန်ရိုးတို့၊ ရုပ်သေး စသဖြင့် ကြွေးကြော်သံတွေ ဖြစ်လာရတာပါ၊ တဖက်မှာ ဗဟို ချုပ်ကိုင်မှုကို အလွန်အကျူး ထိန်းသိမ်းထားခြင်ပြီးတော့၊ တိုင်းရင်းသားတွေဆိုရင်လည်း အမြဲ သံသယ မယုံသင်္ကာစိတ်နဲ့ ကြည့်တတ်ကြပါတယ်။ အာဏာကို ခွဲဝေဖြန့်ဖြူးပေးဖို့ စဉ်းစားလေ့ မရှိကြပါဘူး။ 
            တိုင်းရင်းသား တွေက သူတို့ မွေးရာပါ အခွင့်အရေးတောင်းတာတောင် နိုင်ငံရေး-လုံခြုံရေးကို ခြိမ်းခြောက်တယ်လို့ မြင်လေ့ ရှိပါတယ်။ အဲသည်တော့ စာရေးသူ ဒူယာပက် သုံးသပ်ထားတာကတော့ မြို့တော်သစ် ရွှေ့ရတဲ့ ပထမအကြောင်းရင်းက နိုင်ငံရေးအရ အုံºကွမှုတွေ၊ လူထုဆန့်ကျင် ဆန္ဒပြမှုတွေကို ရှောင်လွှဲနိုင်အောင် ရည်ရွယ်တာလို့ ဆိုပါတယ်။ စစ်အစိုးရ အုပ်ချုပ်ရေး တလျှောက်လုံးမှာ ထစ်ကနဲဆို ဆန္ဒပြပွဲတွေ၊ လူထု ဆူပူအုံကြွမှုတွေက ရန်ကုန်မှာ ဖြစ် ပေါ်နေကြတာပါ။ စာရေးဆရာက ၁၉၆၂၊ ၁၉၇၄၊ ၈၈ လူထုဆန္ဒပြပွဲတွေအကြောင်း သက်သေအဖြစ် ဖော်ပြပါ တယ်။ တဖက်မှာလည်း သွေးထွက်သံယို ဗုံးပေါက်ကွဲမှုတွေ၊ အကြမ်းဖက် ဗုံးထောင်တိုက်ခိုက်မှုတွေက ရန်ကုန် မှာ အဖြစ်များပါတယ်။ အဲသည်တော့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ဝေးရာကို ရွှေ့တယ်လို့ ဆိုပါတယ်။ အစီ အစဉ်တကျ လုပ်နိုင်မယ့်၊ ပိုလို့ထိန်းချုပ်နိုင်မယ့် နေရာမျိုးကို ရှာဖွေတာလို့ပြောပါတယ်။ ဒုတိယအချက်ကတော့ တိုင်းရင်းသား သူပုန်ထမှုတွေရဲ့ ခြိမ်းခြောက်မှုအကြောင်းကြောင့်လို့ သူက သုံးသပ် ပါတယ်။ တိုင်းရင်းသားသူပုန်အဖွဲ့ အများစုက မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသမှာ အခြေချနေကြသလို၊ သူတို့က နိုင်ငံခြားနဲ့ ပိုဆက်စပ် ပတ်သက်နေကြတယ်၊ မယုံကြည်ရဘူးဆိုတဲ့ စိတ်လည်း ရှိနေပါတယ်။ ရန်ကုန်ကနေဆို ရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲပြီး၊ အခု ပျဉ်းမနားနေရာကနေဆိုရင် ပိုလို့ လက်လှမ်းမီနိုင်တယ်ဆိုတဲ့ စဉ်းစားချက် လည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း သူက ပါမောက္ခ ဒေးဗစ်စတိုင်းဘာ့ဂ် သုံးသပ်ချက်ကို ကိုးကားပြီး စစ်အစိုးရ စဉ်းစားပုံက ခေတ်မီ အတွေးအခေါ်မျိုး မဟုတ်ဘဲ မပျော့ပြောင်း တင်းမာတယ်၊ သတ်မှတ်ထားတဲ့ နယ်နိမိတ်မျဉ်းတွေရဲ့ အလယ်ဗဟိုချက်မနေရာကို ယူမယ်၊ တိုင်းရင်းသားတွေဆိုတာက နယ်စပ်မျဉ်းအရ၊ ပထဝီအရ၊ အာဏာအရ စက်ဝိုင်းဗဟိုချက်မရဲ့ ပြင်ပမှာသာ ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဉ်းစားချဉ်းကပ်ပုံပါ။ 
         ဒါ ကြောင့်လည်း ပထဝီအရ ဗဟိုချက်မကျရာကို ရွေးချယ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တတိယ နိုင်ငံရေး-လုံခြုံရေး အကြောင်းအချက်ကတော့ အမေရိကန် ရေတပ်ကြီးက ကျူးကျော်တိုက်ခိုက်လာ နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကဲလွန်းတဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ တချိန်က ကူမင်တန် တပ်တွေ ကျူးကျော်ခဲ့တာကိုလည်း စိတ်က ခြောက်လှန့်နေပါတယ်။ နောက်ပိုင်းမှာလည်း ၁၉၈၈ ခုနှစ်ကာလ မှာ အမေရိကန်ရေတပ်က မြန်မာ့ရေပိုင်နက်ကို ရောက်လာတယ်ဆိုတဲ့ စစ်အစိုးရက ပြောဆိုစွပ်စွဲတာတွေ လည်း ရှိခဲ့ပါတယ်။ အဲဒါအပြင် မြန်မာစစ်အစိုးရကို ၂ဝဝ၅ ခုနှစ်မှာ သမ္မတဘုရှ်က "မင်းဆိုးမင်းညစ်တွေရဲ့ အာဏာခံကတုတ်" (Outpost of tyranny) အဖြစ် မြန်မာနိုင်ငံကို စွပ်စွဲပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အမှန်က နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ကွန်ဒိုလီဇာ ရိုက်စ် ပြောခဲ့တာပါ။ 
            အမေရိကန်နိုင်ငံက အခြားနိုင်ငံတွေကို စစ်ရေးနဲ့ လက်တွေ့ ဝင်ရောက်စွက်ဖက်ခဲ့တော့ လည်း မြန်မာစစ်အစိုးရအဖို့ ပိုလို့ စိုးရိမ်ဖွယ်အခြေအနေ ရှိနိုင်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုကို မဖြစ်နိုင်ဖူးလို့ ယူဆကြမှာ မဟုတ်ပါဘူး။ ရန်ကုန်ဆိုရင် ရေကြောင်းကနေ အလွယ်တကူ သိမ်းပိုက်နိုင်တယ်၊ အခုလို ပျဉ်းမနားနေရာကတော့ လေယာဉ်နဲ့ ဗုံးကျဲကောင်း ကျဲနိုင်တယ်၊ ဒါပေမယ့် လက်တွေ့ ကာယကံမြောက် သိမ်းပိုက်ဖို့ကျတော့ ကုန်းတွင်းပိုင်း ဒေသ အထိကို စစ်တပ်တွေ တက် လာမှ ရမယ့် အခြေအနေပါ။ ဒီအခြေ အနေမှာ ပြည်သူ့စစ် မဟာ ဗျူဟာနဲ့ ခုခံစစ်ဆင်မယ်လို့ စဉ်းစားပြင်ဆင် နေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်အစိုးရက ပထဝီနိုင်ငံရေး၊ ပထဝီရေး မဟာဗျူဟာကိစ္စတွေကို စဉ်းစားရင် အခြား စီးပွား၊ သံတမာန်ရေး အမြင်တွေနဲ့ စဉ်းစားတာ မဟုတ်ဘဲ၊ စစ်ရေးအမြင်ဖက်ကချည်း စဉ်းစားလေ့ ရှိတာကိုလည်း စာရေးသူက ထောက်ပြပါတယ်။
           ဒါပေမယ့် နေပြည်တော်ကို ပြောင်းရွှေ့ရတဲ့အကြောင်း စဉ်းစားချက် မောင်အောင်မျိုးရေးသားပြီး၊ ၂ဝဝ၆ ခုနှစ် မှာ အာရှ သုတေသန အင်စတီကျုက ထုတ်ဝေတဲ့ စာတန်းကို ဖတ်ကြည့်တော့ သူကတော့ အချက် ၆-ချက် ခွဲ ဝေဖန်သုံးသပ် ထားတာ တွေ့ရပါတယ်။ (၁) သတင်းလုံခြုံရေး၊ (၂) စစ်ရေးနဲ့ မဟာဗျူဟာ စဉ်းစားချက်၊ (၃) ကိုယ်က ထိန်းချုပ်ထား နိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုကြောင့်၊ (၄) ကိုလိုနီ စနစ် အကျွင်းအကျန်တွေကို လမ်းခွဲ ဖယ်ရှားချင်လို့၊ (၅) ဗဟို အုပ်ချုပ်ရေးကို လူဦးရေထူထပ်တဲ့ ဒေသတွေနဲ့ ခွဲခြားထားချင်တာ၊ (၆) မြန်မာ့တွေရဲ့ ရိုးရာ အစဉ်အလာအရ ကမ္ဘာကြီးကို ရှုမြင်ပုံကြောင့်ဆိုပြီး ၆-ချက်ခွဲခြားလို့ သုံးသပ်ထားတာ ဖတ်ရပါတယ်။ စာရေးသူ ဒူယာပက်နဲ့ တူတာရှိသလို၊ ပိုလို့ ထင်သာတဲ့ အချက်တွေလည်း တွေ့ရပါတယ်။ မောင်အောင်မျိုး ကတော့ အခုမြို့တော်ပြောင်းတဲ့ကိစ္စမှာ မြန်မာတွေရဲ့ အစွဲအလမ်း ဘုန်းကံကိစ္စတွေ၊ ယတြာ ကက်ကင်းတွေ၊ တဘောင် လက်ဖွဲ့ အဆောင်တွေကိစ္စတောင် ဖြစ်နိုင်ရဲ့လို့လည်း ဆိုထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တော့ (မဆလ) တပါတီအစိုးရ မပြုတ်ကျခင်က ဖြစ်တဲ့ တဘောင်တခုက သက်ဆိုင်လေသလား၊ မသက်ဆိုင်လေသလား မသိ၊ "ကုလားဘုရား ထီးတော်တင်၊ နေမင်းကြီးလည်းဝင်" ဆိုပြီး ဖြစ်ခဲ့ဖူးပါသတဲ့၊ ဒီလိုနဲ့ အိန္ဒိယစေတီတော်ပုံ မဟာဝိဇယစေတီ ထီးတော်တင်ပြီးနောက် ဦးနေဝင်းလည်း အာဏာက ဆင်းခဲ့ရ ပါတယ်။ အဲဒါအပြင် ၁၉၉ဝ ခုနှစ်များမှာ နောက်ထပ်တဘောင်တခု ပေါ်လာတယ်လို့လည်း ဆိုပါသေးတယ်။
             "စွယ်တူနှစ်ဆူ အတူတူ၊ ပြည်သူလည်းမွဲ၊ တပ်လည်းကွဲ" ဆိုတဲ့ တဘောင်ပါ။ နောက်ပိုင်းမှာ စစ်တပ်-ထောက် လှမ်းရေးတွေအကြား ကွဲကြတော့ ဒီကိစ္စတွေကိုလည်း အာဏာအတွက် ထည့်စဉ်းစားနိုင်ပါတယ်။ အဲဒါအပြင် လူအများက စွပ်စွဲနေကြသလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရင်ရူး ရူးနေတယ်ဆိုတဲ့ အချက်ကိုလည်း မဖြစ် နိုင်ဘူးလို့တော့ မဆိုနိုင်ပါဘူး။ မောင်အောင်မျိုး ဆောင်းပါးမှာပဲ ဖော်ပြထားတာက ၂ဝဝ၆ ခုနှစ်၊ နေပြည်တော် မှာ တည်ထားမယ့် ဥပ္ပါတသန္တိစေတီ အုတ်မြစ်ချတဲ့ အခမ်းအနား ဖိတ်စာမှာ ဖော်ပြထားတာက "ရာဇဌာနီ နေပြည်တော်" ဆိုပြီး နေရာကို ညွှန်းထားခဲ့ပါတယ်။ ဒီကိစ္စတွေကလည်း နေပြည်တော်ကို တထီးတနန်းတည် ချင်တဲ့ အကြောင်း ဖြစ်နိုင်ပါသေးတယ်။ နောက်တပတ်မှာတော့ အခုမြို့တော်သစ်တည်နေရာနဲ့ ကုန်းတွင်းပိုင်း ဖွံ့ဖြိုးရေးကိစ္စ ဆက်စပ်မှု ရှိနိုင်-မရှိနိုင်သုံးသပ်ချက်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။ 
         (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၃)

              ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Dyapak Precharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြန်မာ့သမိုင်းတလျှောက် မင်းနန်းစိုက်ရာ မြို့တော်တွေ ဘယ်လို အခြေခံအကြောင်းတွေကြောင့် အကြိမ်ကြိမ် ပြောင်းရွှေ့ကြသလဲဆိုတဲ့ လေ့လာချက်ကို တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ မြန်မာ့သမိုင်းမှာ ဗမာဘုရင်တွေ နန်းစိုက် စိုးစံရာ မြို့တော်တွေအကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ကြဖူးပါတယ်။ အထူး သဖြင့် ပြောင်းရွှေ့နန်းစိုက်ခဲ့တဲ့ နေရာ တွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဇုန်လို့ခေါ်တဲ့ ဒေသ အတွင်းမှာ အများဆုံးဖြစ်ပြီး၊ အထူးသဖြင့် ဧရာဝတီနဲ့ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသကို အခြေပြု ထီးနန်း စိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 
             ဒီနေရာရာ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအချက်အချာ ဒေသ ဖြစ်သလို၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံသဘောအရ နိုင်ငံရေး-ပထဝီရေးအရ နှလုံးသည်းပွတ်သဖွယ် အချက်အချာ ကျတဲ့ ဗဟိုချက်မဒေသလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုဗမာဘုရင်တွေရဲ့ ထီးနန်းမြို့တော်တွေ ပြောင်းရွှေ့ကြတဲ့ အခြေခံအကြောင်းကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က ခြုံငုံလို့ အကြောင်း ၅- ခုအဖြစ် ထုတ်နှုတ်သုံးသပ် ထားပါတယ်။ ပထမအကြောင်းကတော့ လုံခြုံရေး- စစ်ရေးမဟာဗျူဟာအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆိုင်ယမ်လို့ခေါ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်အင်ပိုင်ယာ၊ အိန္ဒိယအရှေ့မြောက် ပိုင်းက မြို့ပြနိုင်ငံတွေ ကျူးကျော်လာမယ့်အရေးကို ကြည့်ကြတာရှိသလို၊ မဟာဗျူဟာကျတဲ့ ပြည်တွင်းစစ်ပွဲ ပဋိပက္ခတွေ၊ မွန်-ရှမ်း-ရခိုင် စတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအရေးကိုလည်း ကြည့်ကြပါတယ်။ ရန်ဖက် အင်အားစုတွေကို နှိပ်ကွပ်ထားနိုင်ဖို့၊ မိမိသြဇာ အာဏာကိုစုစည်းနိုင်ဖို့ ထီးနန်းစိုက်ရာ နေရာရွေးကြပါတယ်။ ဥပမာအားဖြင့်- တောင်ငူမင်းဆက် (သက္ကရာဇ် ၁၄၈၆ ခုနှစ်ကနေ ၁၇၅၂) ခုအထိ၊ ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂ ကနေ ၁၈၈၅ ခုနှစ်အထိ) က ဒီလို စဉ်းစားချက်တွေနဲ့ မြို့တော်ထီးနန်းစိုက်ရာ ရွေးချယ်ခဲ့ကြ တာပါ။  
             တောင်ငူက ခံတပ်ကောင်းဖြစ်သလို၊ တရုတ်အရေး- ရှမ်းလူမျိုးတွေရဲ့ သြဇာကင်းရေးကို ကြည့်ပြီး စစ်တောင်းမြစ်ဝှမ်းမှာ ထူထောင်ခဲ့ကြတာပါ။ အလောင်းဘုရား ဦးအောင်ဇေယျတည်ခဲ့တဲ့ ရွှေဘို ကုန်းဘောင် နန်းဆက်ဟာလည်း မူးမြစ်ဝှမ်းမှာ အခြေစိုက် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် နန်းတွင်းရေး၊ အာဏာပြိုင်မယ့်၊ အာဏာလုမယ့် အင်အားစုတွေကို တွက်ဆနေရာချတာလည်း ရှိခဲ့ပါတယ်။ ဒုတိယအကြောင်းကတော့ အင်အားအာဏာ စုစည်းလိုတဲ့အကြောင်း၊ ဘုန်းတန်ခိုး ပြလိုတဲ့အကြောင်းနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြို့တော်ပြောင်းတာ ဖြစ်ပါတယ်။ ဗမာဘုရင်တွေက ဗောဓိသတ္တ ဘုရားလောင်း မင်း၊ စကြာဝတေး မင်းအပေါင်းကို အောင်နိုင်တဲ့မင်းအဖြစ် သူတို့တန်ခိုးထွားလာရင် ယူဆကြပါတယ်။ အဲသည်လို ဘုန်းတန်ခိုးနဲ့ လျှော်ညီစွာ မင်းနေပြည်တော် တည်ဆောက်ကြတာလည်း ရှိပါတယ်။ ဥပမာ တခု ကတော့ တောင်ငူဘုရင် တပင်ရွှေထီးက သြဇာထွားလာတဲ့အခါမှာ မွန်တို့ဒေသကိုသိမ်းပိုက်ပြီး ၁၅၄ဝ မှာ ပဲခူးကို နန်းမြို့ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 
                ဒါပေမယ့် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ သြဇာကို အမြဲတစေခြိမ်းခြောက်နေ တဲ့ နန်းတွင်းရေးကိစ္စတွေလည်း ရှိတတ်ပါတယ်။ ဘုရင်အများစုက ပုန်ကန်ထီးနန်းဖြုတ်ချခံရတာ ရှိခဲ့ပြီး၊ အင်အားကောင်းတဲ့ မင်းညီမင်းသားတွေပဲ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နန်းတွင်းရန်တွေကို စိုးရိမ်ပြီး ကုန်းဘောင်မင်းဆက်မှာပဲ ရွှေဘို၊ အင်းဝ (အဝ)၊ အမရပူရ၊ မန္တလေး စသဖြင့် ပြောင်းခဲ့တာတွေလည်း ရှိပါ တယ်။ တတိယအကြောင်းကတော့ ဗုဒ္ဓရဲ့ ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့နေရာ၊ ဗေဒင်ဟူးရား ပုဏ္ဏားတွေ အကြံပေးချက် တွေကြောင့် ပြောင်းကြတာ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာက ဗုဒ္ဓဘာသာနဲ့ ကိုးကွယ်ယုံကြည်မှုက အရေးပါတဲ့ အခန်းက ရှိနေပါတယ်။ ဒါကြောင့် ဘုရားက ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ နေရာ၊ ယုံကြည်ချက် တွေကိုလည်း ထိန်းသိမ်းထား တတ်ကြပါတယ်။ ဘုရင်တွေက သူတို့သြဇာ အာဏာကြီးမှုကို ဆက်လို့ သိဒ္ဒိ တင်ချင်တယ်ဆိုရင် ရှေးရိုးစဉ်လာတွေကို ထိန်းသိမ်းကြောင်းပြလေ့ရှိပါတယ်။ ဘုရင်တွေ အိမ်မက်မြင်မက် ရင်လည်း ပုဏ္ဏားဟူးရားတွေက အဓိပ္ပါယ်ဖော်လို့ အကြံပေးကြပါတယ်။ တန်ခိုးကြီးသောမင်းသည် မြို့ဟောင်းကိုစွန့်၍ မြို့သစ်ကို ပြောင်းလတံ့ဆိုတဲ့ စာဆိုတွေလည်း ရှိခဲ့ပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ ၁၇၈၃ ခုနှစ်မှာ (မသေသော မြို့တော်) လို့ အဓိပ္ပါယ်ရတဲ့ အမရပူရကို တည်ခဲ့သလို၊ ဘကြီးတော်မင်း လက်ထက် ၁၈၂၃ မှာ အမရပူရကနေ အင်းဝကို ပြန်ပြောင်းပါတယ်။ 
               တခါ မင်းတုန်းမင်းလက်ထက်မှာ မန္တလေးရတနာပုံ နေပြည်တော် ကို ၁၈၅၇ ခုနှစ်မှာ တည်ခဲ့တဲ့ကိစ္စတွေက ဗုဒ္ဓဘုရားရှင်က ဗျာဒိတ်ပေးခဲ့တယ်၊ ဗေဒင်ကိန်းခန်း တွေကဆိုတဲ့ အပေါ် အခြေခံတာလည်း ရှိပါတယ်။ စတုတ္ထအကြောင်းကတော့ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ကုန်းတွင်းပိုင်း နေရာကို ရွေးကြတာပါ။ ကိုလိုနီခေတ် မတိုင်မီ ကာလအထိ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်းသာပဲ ရှိပါတယ်။ တိုင်းပြည်ဝမ်းစာ ကိစ္စကိုလည်း ထည့်စဉ်းစားကြပါတယ်။ ဒါကြောင့်လဲ စိုက်ပျိုးရေးဖြစ်ထွန်းရာကို ရွေးချယ်ကြတာ မဆန်းပါဘူး။ အင်းဝဆိုရင် မြစ်ငယ်နဲ့ ဧရာဝတီမြစ်ဆုံကြား၊ မန္တလေးဆိုရင် ဆန်စပါးဖြစ်ထွန်းရာ ကျောက်ဆည်ကို ကျော ထောက်နောက်ခံပြုလို့ ဧရာဝတီ နဲ့လည်းနီး၊ နန္ဒာကန် ရွှေပြည်ကန်တွေ ရှိရာအရပ်ကို ရွေးချယ်ထားခဲ့တာပါ။ 
          ပဉ္စမအချက်ကတော့ နိုင်ငံတကာဆက်ဆံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိစ္စတွေကို ထည့်သွင်းစဉ်းစားတဲ့ နန်းစိုက်ရာ ရွေးချယ်မှုပါ။ တပင်ရွှေထီးက ပင်လယ်ထွက်ပေါက်နီးရာ ပဲခူးမှာ နန်းမြို့ပြောင်းရွှေ့စိုက်ခဲ့ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးကို ကြည့်တာပါသလို၊ ပေါတူဂီနဲ့ နိုင်ငံခြားသင်္ဘောတွေဆီက သေနတ်၊ မီးပေါက်၊ အမြောက်တွေ ဝယ်လိုတာလည်း ပါပါတယ်။ သူ့ကိုဆက်ခံတဲ့ ဘုရင့်နောင်လက်ထက်မှာတော့ ၁၅၆၄ ခုမှာ ဟံသာဝတီနန်းတော်ကို ပြန်လို့ဆောက်ခဲ့ပါတယ်။ ဟံသာဝတီဟာ တချိန်က သြဇာအကြီးဆုံးဖြစ်ခဲ့သလို၊ ဒေသတွင်း ပင်လယ်ကုန်သွယ်ရေး မှာလည်း အချက်အခြားဖြစ်ခဲ့ပါတယ်။ ၁၅၉၉ ခု ပဲခူးပျက်ပြီးနောက်ပိုင်းမှာ ပဲခူးကလည်း ရေကြောင်းတိမ်ကောလာပြီး၊ သံလျှင်က ပင်လယ်ထွက်ပေါက်ဖြစ်လာပါတယ်။ အဲဒီမှာပဲ ပေါ်တူဂီ ဒီဘရစ်တိုက ချုပ်ကိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းက ၁၆၁၁ ခုနှစ်မှာ သံလျှင်က ပေါ်တူဂီ တွေကို ချေမှုန်းအနိုင်ရခဲ့ပေမယ့် ပင်လယ်ထွက်ပေါက် ကျရာ ဒေသမှာ ထီးနန်းမစိုက်ကြတော့ပါဘူး။ ပိုလို့ အထက်အညာ ကုန်းတွင်းပိုင်းကျရာဒေသကို ရွေးချယ်ခဲ့ကြတာဟာ တဖက်က တိုင်းတပါးကျူးကျော်မှုအရေး ကို ထည့်စဉ်းစားတာ ပါသလို၊ တချိန်က ထွန်းပြောင်ခဲ့တဲ့ အတိတ်၊ ရိုးရာ ဓလေ့တွေနဲ့ ပြန်ဆက်စပ်ချင်တာ လည်း ပါပါလိမ့်မယ်။ နောက်ပိုင်းမှာ ဗြိတိသျှတွေက အောက်မြန်မာနိုင်ငံကို ရန်ပြု လာပြီးတဲ့နောက်ပိုင်းမှာ တော့ ဒီလိုတိုင်းတပါးအပေါ် စိုးရိမ်မှုတွေက ပိုကဲလာခဲ့ပါတော့တယ်။ 
            ဗြိတိသျှက ကိုလိုနီပြု မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာမင်းဆက်တွေ နိဂုံးချုပ်ခဲ့ရပြီး၊ ဆိပ်ကမ်း ကူးသန်းရောင်းဝယ်ရေး အဓိကကျရာ ရန်ကုန်က မြို့တော်ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှတွေကို ရန်ကုန် ကို စနစ်တကျ မြို့ကွက်ချတည်ဆောက်ခဲ့ပြီး၊ လွတ်လပ်ရေးရပြီးသည့်တိုင် တောက်လျှောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အစည်ကားဆုံးမြို့၊ ကုန်သွယ်ရေး အချက်အချာအဖြစ် တည်ရှိခဲ့ပါတယ်။ ရန်ကုန်က ဘာသာရေး အရလည်း အထွဋ်အမြတ် ရွှေတိဂုံစေတီ တည်ထားရာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဗဟာဗျူဟာအရလည်း အချက်အချာ ဖြစ်ခဲ့ပါတယ်။ အခုတော့ စစ်အစိုးရက နေပြည်တော်ကို မြို့တော်ရွှေ့ခဲ့ပါပြီ။ နောက်အပတ်မှာတော့ ဘာဖြစ်လို့ နေပြည်တော်ကို စစ်အစိုးရက မြို့တော် ပြောင်းရွှေ့ခဲ့ရသလဲဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။  

     (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၂)

                  ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို ဦးအောင်သူငြိမ်းက တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြို့တော်တခုမှာ ဘယ်လိုအင်္ဂါရပ်တွေ ရှိသင့်သလဲ၊ မြို့တော်တွေကို ဘယ်လို အခြေအနေ တွေမှာ ပြောင်းရွှေ့ကြသလဲဆိုတဲ့ လေ့လာချက်ကို တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ မြို့တော်တခုဆိုတာ ဘယ်လိုအင်္ဂရပ်တွေ ရှိသင့်သလဲ၊ အစိုးရတွေက ဘယ်လိုအခြေအနေမျိုးမှာ သူတို့နိုင်ငံ တွေရဲ့ မြို့တော်တွေကို ပြောင်းရွှေ့ကြသလဲဆိုတာကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က စာအုပ်အဖွင့်မှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရဲ့မြို့တော်တွေနဲ့ ပတ်သက်လို့ သီးသီးသန့်သန့်လေ့လာထားတဲ့ ပညာရပ်ဆိုင်ရာ စာပေတွေ မရှိဘူးလို့ စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် အခြားပညာရပ်နယ်ပယ်တွေဖြစ်တဲ့ ဗိသုကာပညာ၊ သမိုင်းပညာ၊ နိုင်ငံရေးသိပ္ပံ၊ မြို့ပြအစီအစဉ် ရေးဆွဲတဲ့ပညာ၊ လူမှုရေးဗေဒ၊ နိုင်ငံရေးပထဝီဝင်ပညာတွေအရ ကဏ္ဍအသီးသီးက လေ့လာထားမှုတွေတော့ ရှိကြပါတယ်။ အရင် အတိတ်ကာလ သက်ဦးဆံပိုင်ဘုရင်စနစ်တွေ တုန်းကတော့ မြို့တော်ဆိုတာ ဘုရင်ရဲ့ ထီးနန်းစိုက် စိုးစံရာ နေရာ ဖြစ်ပါတယ်။ ဘုရင်ပြည့်ရှင်မင်းရဲ့ အာဏာ ဗဟိုချက်မဖြစ်ပြီး၊ အာဏာနဲ့ လျော်ညီစွာ ထီးနန်းအဆောင် အယောင်တွေလည်း ရှိကြပါတယ်။ ဥပမာ မုခ်ဦး၊ ဂိတ်တံခါး၊ နန်းမြို့ရိုး စသဖြင့်ပါ။ ဒီဖက်ခေတ်သစ် လူမှုအဖွဲ့အစည်းတွေ မှာတော့ မြို့တော်ဆိုတာ အာဏာရဲ့ အထိန်းအမှတ်အဖြစ်၊ တိုင်းပြည်ရဲ့ အရေးပါတဲ့ မူဝါဒတွေကို ဆုံးဖြတ်ချက်ချမှတ်ရာ နေရာ အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပေမယ့်၊ အရင်က နန်းမြို့ရိုး၊ ဂိတ်တံခါးတွေကို အခုခေတ်သစ် မြို့ပြ အစီအစဉ် ရေးဆွဲမှု၊ တရား ဥပဒေ စိုးမိုးမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ စာရေးသူ ဒူယာပက်က လေ့လာပြီး အမျိုးအစားခွဲခြားထားရာမှာတော့ မြို့တော် အမျိုးမျိုး ရှိတယ်လို့ဆိုပါတယ်။ ပထမ အမျိုးအစားကတော့ ထာဝရတည်တံ့နေတဲ့ သမိုင်းဝင်မြို့တော်မျိုးပါ။ ဥပမာ လန်ဒန်၊ ရောမ၊ အေသင် စသဖြင့် မြို့တော်တွေပါ။ ဒုတိယအမျိုးအစားကတော့ ခုမှ အသစ်တည်ဆောက်မိတ်ဆက်တဲ့ မြို့တော်တွေပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ပြချင်လို့၊ အရင် ကိုလိုနီအတိတ်ကနေ ခွဲထွက်ပြီး အမျိုးသားရေး ဂုဏ်ပုဒ် တခုအနေနဲ့ ပြချင်လို့ တည်တဲ့ မြို့တော်တွေဖြစ်ပြီး အာဖရိကတိုက်က ဆွာဇီလန် နိုင်ငံမြို့တော် အမ်ဘာဘိန်း၊ ရဝမ်ဒါမြို့တော် ကီဂါလီလို မြို့တော်မျိုးပါ။ အဲဒါ အပြင် ပြည်နယ်တွေအကြား ညှိနှိုင်းအပေးအယူလုပ်ကြပြီး မြို့တော်အသစ်တည်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ-သြစတြေလျက ကင်ဘာရာ၊ ကနေဒါနိုင်ငံက အော့ တဝါတို့က အသစ်တည်ကြတဲ့ မြို့တော်တွေပါ။ တတိယအမျိုးအစား ကတော့ ခွဲခြားထားတဲ့မြို့တော်တွေ လည်း ရှိပါတယ်။ ဥပမာ- ဘိုလစ်ဗီးယားနိုင်ငံမှာ လာပက်ဇ်နဲ့ ဆူကာ မြို့တော်တွေက အပြင်းအထန်ပြိုင်ဆိုင်မှုတွေ ရှိနေလို့ အစိုးရလုပ်ငန်းတာဝန်တွေကို ခွဲဝေပြီး နေရာချပေးထားတာမျိုးလည်း ရှိပါတယ်။ တောင်အာဖရိက နိုင်ငံမှာလည်း ပရီတိုးရီးယားကို အုပ်ချုပ်ရေး တာဝန်တွေနဲ့ မြို့တော်၊ ကိပ်တောင်းကို ဥပဒေပြုရေးကိစ္စအတွက် လွှတ်တော်အခြေစိုက်ရာ မြို့တော်အဖြစ် ခွဲခြားထားတဲ့ သဘောပါ။ အဲဒါအပြင် မြို့တော်တွေရဲ့ လုပ်ငန်းတာဝန်၊ အသုံးကျပုံကလည်း အမျိုးမျိုး ရှိသေးတယ်လို့ ဆိုပါတယ်။ တချို့ မြို့တော်တွေက ကုန်သိုလှောင်ရုံသဘောမျိုး တာဝန်ယူပါတယ်။ ဥပမာ- စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ မြစ်ဝှမ်းလွင် ပြင်က ထွက်တဲ့သီးနှံတွေကို ကုန်သွယ်ရေးအတွက် ဗဟိုချက်မလို တာဝန်ယူတဲ့ မြို့တော်မျိုးပါ။ တချို့မြို့တော် တွေကျတော့ ထိုးစစ်-ခံစစ် ကောင်းရာကို ရွေးထားတဲ့ စစ်ရေးသဘောအသုံးဝင်တဲ့ မြို့တော်တွေလည်း ရှိပါ တယ်။ ခံတပ်မြို့တော်တွေလို့ ဆိုရမှာ ပေါ့ခင်ဗျာ။ နောက်တခုကတော့ ဘာသာရေးအရ အထွဋ်အမြတ်ထား ကြတဲ့ မြို့တော်တွေ ဖြစ်ပါတယ်။ သီရိလင်္ကာက ဗုဒ္ဓြွစွယ်တော်ရှိရာ ကန္ဒီနဲ့ မြန်မာနိုင်ငံက ပုဂံ၊ တိဘက်တွေရဲ့ လာဆာမြို့တော်၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာဝင်တွေရဲ့ မက္ကာနဲ့ ဂျေရုဆလင်လို မြို့တော်တွေလည်း ရှိပါသေး တယ်။ 
                      နောက်တခုက စာရေးသူက ဖန်တီးထားတဲ့မြို့တော် တွေလည်း ရှိသေးတယ်ဆိုပါတယ်။ စနစ်တကျ မြို့ပြ အစီအစဉ်တွေရေးဆွဲ တည်ဆောက်ထားတဲ့၊ ဗိသုကာပညာ အဆန်းတကျယ်တွေ ကွန့်မြူးထားတဲ့ မြို့တော် တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- သြစတြေလျက ကင်ဘာရာ၊ ဘရာဇီးလ်က ဘရာဆီးလီးယား၊ စပိန် ဒုတိယမြောက် ဖိလစ်ဘုရင်တည်ထားတဲ့ မက်ဒရစ်မြို့တော်၊ ရုရှားက ပီတာ ဘုရင်တည်ထားတဲ့ စိန့်ပီတာ စဘာ့ဂ်မြို့တော်မျိုး ဖြစ်ပါတယ်။ အဲဒါအပြင် အုပ်ချုပ်သုတွေ၊ မင်းဘုရင်တွေက မြို့တော်တည်ဆောက်ဖို့ စဉ်းစားကြတဲ့အခါမှာ ထည့်သွင်းစဉ်း စားလေ့ရှိတဲ့ နှလုံးအိမ်ပမာ ဗဟိုချက်ချာကျတဲ့ ဒေသ (Core area) သဘောကိုလည်း စာရေးသူက ထည့်သွင်း ဖော်ပြပါတယ်။ နိုင်ငံရေး-ပထဝီဝင်သဘောအရ အရေးပါတဲ့ဒေသပါ။ ဥပမာပေးဖော်ပြရရင်တော့ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်ပြီး၊ အဲသည်မြစ်ကြောင်းလွင်ပြင်တလျှောက်မှာပဲ ထီးပြိုင်နန်းပြိုင်၊ နန်းတော်မြို့ပြတွေ ပေါ်ပေါက်ခဲ့ကြဖူးပါတယ်။ အဲဒါအပြင် မြို့တော်တွေတည်ရင်၊ မြို့တော်တွေ ပြောင်းရွှေ့အခြေချမယ်ဆိုရင် ထည့်သွင်းစဉ်းစားလေ့ ရှိတဲ့အချက် တွေလည်း ရှိကြပါတယ်။ တခုကတော့ လုံခြုံရေးနဲ့ စစ်ရေးအကြောင်း တွေပါ။ တချိန်က ဆိုဗီယက်ရုရှားမှာ ဘောလတစ် ပင်လယ်က တိုက်ခိုက်လာမယ့် ရန်အရေးကို ကြောက်လို့ မြို့တော်ကို စိန့်ပီတာစဘာ့ဂ်ကနေ ပိုလို့ ကုန်းတွင်းကျတဲ့ မော်စကိုကို ရွှေ့ခဲ့တာမျိုးပါ။ မြန်မာ့သမိုင်းမှာလည်း ပုဂံကို မွန်ဂိုတွေ ဝင်ရောက်ဖျက်ဆီးပြီးနောက်ပိုင်း၊ ရှမ်းတွေ သြဇာချဲ့ထွင်လာတာကို ရှောင်ကွင်းနိုင်အောင် စစ်တောင်းမြစ်ဝှမ်းတောင်ငူမှာ မြို့ပြတည်ထောင်ခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ်။ ဒုတိယအကြောင်းရင်း ကတော့ အာဏာအင်အား ဖော်ပြလိုမှုနဲ့ နိုင်ငံရေးဖွဲ့စည်းမှုအနေအထားအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ 
               နိုင်ငံရေးအရ စင်ပြိုင်အင်အားစုတွေ၊ အခြားသြဇာတွေကို တွက်ဆရွှေ့ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမြို့တော်တခုရဲ့ အုပ်ချုပ်မှုအောက်မှာ နေရပေမယ့် အချို့တိုင်းရင်းသား အုပ်စုတွေက အိမ်နီးချင်းနိုင်ငံတွေက မြို့တော်တွေကို တိမ်းညွှတ်နေကြတာလည်း အများအပြားပါ။ နောက်အချက်ကတော့ ကိုလိုနီ ဆန့်ကျင်ရေး အမျိုးသားရေး ဇာတိပုညဂုဏ်မာန ပြချင်လို့ပြောင်းတာ၊ နိုင်ငံတကာ ဆက်ဆံရေး အနေအထားအရ ပြောင်းတာတွေလည်း ရှိပါတယ်။ တခါတလေ စီးပွားရေးပိုမို ဖွံ့ဖြိုးရာကို မြို့တော်ပြောင်းတာ ရှိသလို၊ သဘာဝကပ်ဘေး တွေကြောင့် မြို့တော်ပြောင်းရတာတွေလည်း ရှိခဲ့ပါတယ်။ ရေကြီးလို့၊ မိုးခေါင် ရေရှားလို့၊ ငလျင်ကြီးလှုပ်လို့၊ သရောကြီး ခိုင်းလို့ မြို့တော်ရွှေ့ခဲ့ကြတာကလည်း အများအပြား သမိုင်းမှာ တွေ့ခဲ့ ရပါတယ်။ အဲဒါအပြင် အခုဒီဖက်ခေတ်မှာတော့ မက်ထရိုပိုလီတန်လို့ ခေါ်တဲ့ မြို့ပြကြီးတွေရဲ့ ရှုပ်ထွေး များမြောင်တဲ့ ပြဿနာတွေကြောင့် အုပ်ချုပ်ရေး ထိရောက် လွယ်ကူအောင် ပြောင်းရွှေ့ကြတာလည်း ရှိပါတယ်။ 
                          ဥပမာ- မလေးရှားအစိုးရက အုပ်ချုပ်ရေးကိစ္စတွေကို ပူထရာ ဂျယာ မြို့တော်ကို ပြောင်းခဲ့သလိုမျိုးပါ။ ဒီဖက် ၂၁-ရာစု မှာတော့ မြို့တော်ကို နေရာအသစ်ပြောင်းဆောက်တာထက်စာရင် ဂလိုဘယ်လိုက်ဇေးရှင်းသဘော ကမ္ဘာနဲ့ ပိုမိုထိစပ်ဆက်နွယ်လာမှု၊ ကုန်သွယ်မှု၊ ဈေးကွက်စီးပွားရေး ကိစ္စတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ အကြား ပိုလို့ တုံ့ပြန်မှုမြန်ဆန်နိုင်အောင် မြို့တော်စနစ်တွေကို အသားပေးဆောင်ရွက်လာကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ကြီးကို စွန့်ပစ်ထားခဲ့ပြီး၊ နေပြည်တော်ကို တခမ်းတနားဆောက်နေကြပါတယ်။ ဆိပ်ကမ်းမနီး၊ လမ်းပန်းခရီးထောက်တဲ့အရပ်မှာ အတင်းအဓမ္မ စည်ကားအောင်လုပ်နေကြပါတယ်။ တိုင်းပြည် အရင်းအမြစ်တွေကိုလည်း ပုံအောသုံးလို့ မြို့တော်ဆောက်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ နောက်တပတ် မှာတော့ မြန်မာ့သမိုင်း၊ ဗမာ့သမိုင်းတလျှောက် နန်းမြို့တော်တွေ ပြောင်းရွှေ့ခဲ့ပုံကိုသမိုင်းကို ဆက်လက် တင်ပြပါဦးမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
             (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နေပြည်တော်(၁)

           မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦး အောင်သူငြိမ်းက ဒီတပတ်မှာ စာအုပ် သစ်တအုပ်နဲ့ မိတ်ဆက်ပေးထား ပါတယ်။ ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" လို့ အမည်ရတဲ့စာအုပ်ပါ။ ထိုင်းနိုင်ငံ မဟာဆာရခမ်တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ သင်ကြား နေတဲ့ဆရာတဦးဖြစ်တဲ့ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာ ဖြစ်ပါတယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစား ထား ပါတယ်။ စာအုပ်ရဲ့ နာမည်ကိုက "မြန်မာနိုင်ငံရဲ့ မြို့တော်သစ်၊ နေပြည်တော်" ဆိုတော့ ပရိသတ်တွေလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ စာအုပ်က အခုနှစ်အတွင်း မကြာသေးခင်ကမှ ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားတဲ့သူကတော့ အခုအခါ ထိုင်းနိုင်ငံမှာ မဟာဆာရခမ်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာသင်ကြားနေတဲ့ ဆရာတဦးဖြစ်တဲ့ ဒူပါယက် ပရီချာရှာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်တော့ သူက ထိုင်းနိုင်ငံက နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ ချူလာလောင်ကောင် တက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသ လေ့လာရေးဌာနမှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ် ရေးသားထားတဲ့ ကျမ်းပြု စာတမ်းဖြစ်နေတာ တွေ့ရပါတယ်။ ကျမ်းပြု စာတမ်းဆိုတော့ ဘာသာရပ် ဆိုင်ရာကိစ္စတွေနဲ့ စာလေးနေမယ် ထင်ရပေမယ့် ကိုယ့်မြန်မာနိုင်ငံအကြောင်း၊ နောက်တခုက စစ်အစိုးရက ဘာဖြစ်လို့ ရန်ကုန်ကနေ နေပြည် တော် မြို့တော်သစ်ကို ရွှေ့သွားရတာလဲ၊ ကျန်တဲ့ နိုင်ငံတကာ ပညာရှင်တွေကရော ဘယ်လို သုံးသပ်ရှုမြင် ကြသလဲဆိုတာ သိချင်စိတ်နဲ့ ဖတ်ရတဲ့အတွက်ကြောင့် စာဖတ်ရတာ သိပ်ပျင်းစရာမကောင်းလှဘူးလို့ ထင်မိ ပါတယ်။ သူက ဒီစာအုပ်ကို အခန်း (၇) ခုခွဲပြီး ရေးသား ထားပါတယ်။ အခန်းတွေအလိုက် သင့်သလို ကျနော် ဆက်လက်တင်ပြသွားပါ့မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရက နိုင်ငံရဲ့မြို့တော်ကို ရန်ကုန်ကနေ လူသူမနီးတဲ့ ပျဉ်းမနားအနီးက မြို့တော်သစ် ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောတောင်ထဲမှာ အခုမှတည်ဆောက်နေဆဲ မြို့တော်ပါ။ ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ (နအဖ) စစ်အစိုးရက ရုံးတွေဆီကို မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနားမြို့အနီးမှာ တည်ဆောက်နေ ဆဲ မြို့တော်ဆီ ပြောင်းရွှေ့ရမယ်လို့ အမိန့်ရောက်လာခဲ့ပါတယ်။ လူအားလုံး၊ ဝန်ထမ်းအားလုံးလည်း ဆိုင်းဗုံ မဆင့်ဆိုတော့ အံ့သြ နေကြရပါတယ်။ ပျဉ်းမနားမြို့အနီး တောင်ကြားလွင်ပြင် တောခေါင်ခေါင်ဒေသ တခုထဲမှာ အခုမှ ရုံးတွေဆောက်နေဆဲပါ။ တချို့ရုံးဌာနတွေလည်းပြီး၊ တချို့ရုံးတွေ၊ လူနေအိမ်တွေလည်း မပြီးကြသေး ပါဘူး။ အခုမြို့တော်သစ်လို့ သတ်မှတ်တဲ့ နေရာက ရန်ကုန်မြို့ကနေ ၃၅ဝ ကီလိုမီတာလောက် ကွာဝေးပါတယ်။ နောက်တနေ့မှာတော့ စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံရဲ့မြို့တော်ကို ပျဉ်းမနား ခရိုင်ထဲက အသစ်တည်ဆောက်ထားတဲ့ မြို့သစ်တခုကို ရွှေ့မယ်ဆိုတာ ကြေညာခဲ့ပါတယ်။ အဲသည်အချိန် အထိ နေပြည်တော်ဆိုတဲ့နာမည် မပေးရသေးပါဘူး။ အဲသည်နေရာကို မြို့တော်သစ်ရွှေ့ရတဲ့အကြောင်းက နိုင်ငံရဲ့ အလယ်ဗဟိုဖြစ်တာရယ်၊ ပထဝီအနေအထားအရ မဟာဗျူဟာအရ အရေးပါလို့လို့ ဗိုလ်မှူးချုပ်ကျော်ဆန်းက အကြောင်းပြချက်ပေးခဲ့ပါတယ်။ နောက်တော့ သွေးတိုးစမ်းပြီးနေပြည်တော်လို့ သုံးလာခဲ့ပါတယ်။ ပထမ အုပ်ချုပ်ရေးမြို့တော်သဘော ပြောလာနေရာကနေ၊ နိုင်ငံရဲ့မြို့တော်ကိုပါ ပြောင်းလဲ သတ်မှတ်တယ်ဆိုတာမျိုး လုပ်လာခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်၊ မြန်မာစစ်တပ်ရဲ့ တပ်မတော်နေ့ ချီတက်ပွဲမှာမှ ပျဉ်းမနား ခရိုင်က ကျပ်ပြေးရွာကို နေပြည်တော်လို့ တရားဝင်ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ ရှေးဟောင်းဘုရင်တွေရဲ့ ထီးနန်း ဆန်ဆန် အသုံးအနှုန်းမျိုးပါ။ 
                ပထမက ပျဉ်းမနာနေပြည်တော်လို့ တွဲပြီးခေါ်ဆိုရာကနေ နောက်တော့နေပြည် တော်လို့ ခေါ်ဆိုလာပါတယ်။ ဖွဲ့စည်းပုံအသစ်ကို ၂ဝဝ၈ ခုနှစ်မှာ ပြဌာန်းတဲ့အခါမှာတော့ နိုင်ငံရဲ့မြို့တော်သစ် အဖြစ် တရားဝင်ဖော်ပြသတ်မှတ်ခဲ့ပါတော့တယ်။ ဘာအကြောင်းကြောင့် မြို့တော်ကို ပြောင်းရတယ်၊ ဘယ်လိုစဉ်းစားချက်ကို အခြေခံပြီး ပြောင်းတယ်ဆိုတာ အခု အချိန်တိုင် လူတွေ ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူး။ စစ်အစိုးရကတော့ နေပြည်တော်ကို မြို့တော် ပြောင်းခြင်း အားဖြင့် ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်လို့ ဆင်ခြေပေးပါတယ်။ လေ့လာသုံးသပ်သူအများစုက တော့ မဟာဗျူဟာအရ ပိုအရေးပါတဲ့နေရာကို ပြောင်းတာ၊ စစ်ရေးအရ အမေရိကန်ကမ်းတက်ရေတက်က ကျူးကျော်တိုက်ခိုက်လာမယ့်အရေး စိုးရိမ်စိတ်ကဲပြီး ပြောင်းတာလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ အချို့က လည်း တိုင်းရင်းသားသူပုန်တွေကို ပိုပြီး ထိရောက်စွာ ကိုင်တွယ်နှိပ်ကွပ်နိုင်အောင်၊ အချို့ကတော့ မြန်မာ ပြည်သူတွေက မကျေနပ် ဆူပူအုံကြွလာမယ့်အရေး စိုးရိမ်စိတ်နဲ့ ပြောင်းတယ်ဆိုတာ ထင်ကြေးပေးမှုတွေ ရှိပါ တယ်။ ဒါပေမယ့် တချို့ကတော့ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ မပြောင်းရင် အစိုးရပြုတ်ကျကိန်းရှိတယ်၊ ဗေဒင် ယတြာကိန်းအလိုအရ ပြောင်းရွှေ့တယ်ဆိုတာမျိုး သုံးသပ်ဝေဖန်မှု အမျိုးမျိုး ရှိခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ စစ်အစိုးရထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဘုရင်တွေ ဘုန်းတန်ခိုး အာဏာတက်လာရင် မင်းနေပြည် တော် အသစ်တည်ထောင်ကြသလိုပဲ၊ သူလည်း နန်းဆက်တခု၊ နေပြည်တော် မြို့သစ်တခု တည်ထောင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သလို၊ မြန်မာနဲ့ အိမ်နီးချင်း အစိုးရတွေတောင် အကြောင်းမကြား၊ အသိမပေးဘဲ ချက်ချင်းပြောင်းရွှေ့ခဲ့တဲ့ အတွက်ကြောင့် စိုးရိမ်ရ၊ စိတ်ကသိကအောင့် ဖြစ်ခဲ့ကြရပါတယ်။ ဒီစာအုပ်ရေးသားတဲ့ စာရေးဆရာကတော့ အခုလိုကိစ္စတွေကို ပညာရှင်ရှုထောင့်က ချည်းကပ်ရေးသားတဲ့ စာတန်းတွေက နည်းလှတယ်၊ ပညာရှင်ရှုထောင့်က ချည်းကပ်လေ့လာတာမျိုး လုပ်မယ်လို့ ဆိုခဲ့ပါတယ်။ သူ အခုစာအုပ် ကျမ်းပြု ရေးစဉ်မှာ ချူလာတက္ကသိုလ်က နာမည်ကျော် သမိုင်းပညာရှင် ပါမောက္ခဆူနိတ် ချူတိ တရာနွန်၊ နရီဆွန်တက္ကသိုလ် မြန်မာဘာသာဌာနက ပါမောက္ခတွေ၊ အခြားပညာရှင်တွေက အကြံပေးပံ့ပိုးခဲ့ ကြပါတယ်။ စစ်အစိုးရက မြို့တော် ပြောင်းရွှေ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပညာရပ်ဆိုင်ရာ လေ့လာချက်တွေ မရှိဘူးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သုတေသီပညာရှင် မောင်အောင်မျိုးရေးသားတဲ့ စင်္ကာပူ အာရှ သုတေသန အင်စတီကျုက ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ စာတမ်း၊ "နေပြည်တော်သို့ သွားရာလမ်း၊ မြန်မာ အစိုးရက မြို့တော်သစ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း" ဆိုတဲ့စာတမ်းကိုလည်း ကျနော် ဖတ်ဖူးခဲ့ပါသေးတယ်။ 
     နောက်ပိုင်းမှာတော့ မောင်အောင်မျိုးနဲ့ အခုထိုင်းပညာရှင်တို့ သုံးသပ်ချက် ကွာခြားမှုတွေ၊ တူညီတာတွေကိုလည်း ဆက်လက်ဖော်ပြပါမယ်။ တကယ်တော့ မြန်မာစစ်အစိုးရ လုပ်ဆောင်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိသလို၊ လူအများက ပဟေဠိတွေ ကို အဖြေညှိနေရသလို တွက်ဆနေကြရတာပါ။ ဘယ်သူက အမှန်ဆိုတာ ပြောဖို့ခက်သလို၊ စစ်အစိုးရရဲ့ စဉ်းစား လုပ်ဆောင်ချက်တွေကလည်း အများအားဖြင့် ကျိုးကြောင်းဆီလျော် မရှိတတ်လေတော့ ပညာရှင်ဆန်ဆန် ချည်းကပ်လေ့လာဖို့ဆိုတာလည်း အတော်ခက်ခဲလှပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအရေး စာအုပ်သစ် တအုပ် တိုးလာတယ်ဆိုတာ ဝမ်းသာစရာပါ။ ပညာရှင်နယ်ပယ်မှာ ဘာပဲဖြစ်ဖြစ် ထပ်မံအသစ် တိုးလာတဲ့ စာအုပ်စာတန်းတခု၊ ကိုးကားဖွယ်၊ ဖတ်ရှုဆင်ခြင်ဖွယ် စာအုပ်တခု၊ မြန်မာစစ်အစိုးရကို တစေ့တစောင်း ဖော်ပြနိုင်တဲ့ စာအုပ်တခုလို့ ဆိုပါရစေ။ နောက်တပတ်မှာတော့ နေပြည်တော်နဲ့ပတ်သက်လို့ သူတင်ပြထားတဲ့ လေ့လာချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

အနိုင်မခံ

အနိုင်မခံ ငါ့အား ဖုံးလွှမ်းထားသော 
လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ 
အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို
ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော 
လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း
ငါကားမတုန်လှုပ် မငိုကြွေး ကံတရား၏ 
ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် 
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွတ်ကား မညွတ် ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ 
အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။ 
သုဂတိသို့ သွားရာ တံခါးဝသည်
မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌
ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ 
ငါကား ဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။ 

သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇) ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ 
"Invictus" Out of the night that covers me, 
Black as the Pit from pole to pole,
I thank whatever gods may be For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance 
My head is bloody, but unbowed.
Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid. 
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in 
Our Store! Rate this Quote! Tell a Friend.
                                             William Ernest Henley (23 August 1849 – 11 July 1903) 


“မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” သခင်အောင်ဆန်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်သူရဲကောင်း များကို လေးစားကြည်ညိုသောအားဖြင့်ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ရွှေကျောင်းသား၊ အလင်းဆက် နှင့် ခမိခဆဲ တို့မှစီစဉ်ပါသည်။။

"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"

လူထုစိန်ဝင်း နွယ်နီမဂ္ဂဇင်း အတွဲ(၂၀)အမှတ်(၃)ဇူလှိုင်လ ၂၀၁၀ခုနှစ် ဒီတနှစ်လောက်အတွင်းဂျာနယ်တွေဖတ်ကောင်းလာတယ်။အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေးသတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေသူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင် ဖေါ်ပြလာကြတယ်။ ယောင်ဝါးဝါးအသိ ဒီလိုဖေါ်ပြလာကြတာလူကြီးပိုင်းအတွက်လဲကောင်းတယ်။မကြားရ၊မပြောရတာကြာပြီဖြစ်တဲ့  စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။လူငယ်လူရွယ်တွေအတွက်လဲအများကြီးကောင်းတယ်။ အဆက်ပြတ်နေတဲ့ခေတ်အကြောင်းတွေကိုသိကြရတယ်။ဂျာနယ်တွေကိုကျေးဇူးတင်မိတယ်။ လူငယ်လူရွယ်တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့  သမိုင်းကိုသေသေချာချာမှန်မှန်ကန်ကန်သိကြာတာမဟုတ်ဘူး၊ယောင်ဝါးဝါးလောက်သာသိကြတာ။ အတိတ်သမိုင်းကိုမသိတဲ့အခါကျတော့အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာ ဟိုလူပြောလဲဟုတ်နိုးနိုးဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။ ကိုယ်တိုင်တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိကြဘူး။ တအံ့တသြဖြစ်ကြ ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။ ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။ ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။ ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။ ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာအများစုကနိုင်ငံရေးသမားအချင်းချင်းကွဲ ကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်းတွေ့ ရတယ်။ နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့  အမြင်မှာနိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊ ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။ ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။ နားမလည်နိုင်ဘူး ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။ ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆ ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေ မနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊ နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူ့ လောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆကွဲပြားတာတွေ ဆွေးနွေးငြင်းခုန် တာတွေ ရှိမြဲဖြစ်တယ်။ ငြင်းခုန်တာလူ့ သဘာဝ ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလို လွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ် ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့  ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။ ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ပါတီဖြစ်တယ်။ဒါတောင် LDP ဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။ သဘောပေါက်သင့်တယ် စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်၊ကိုယ်နဲ့ အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့ သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင် သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန် ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန် ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။ ကျေးဇူးကန်းရာရောက်ရောက်မယ် ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထား စဉ်းစားပြီးမှပေးသင့်တယ်။နိုင်ငံရေးသမားဆိုတာဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကိုရှောင်ရှားသင့် တယ်။လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရ အောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။ သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။ "လူထုစိန်ဝင်း"

အရေးပေါ်အထူးသတင်း Breaking news (နေပြည်တော်က အာဏာသိမ်းမှူသတင်း)

        ဗိုလ်ချုပ်သန်းရွှေတို့ ၈၄ ဦး နေပြည်တော်က ထွက်ခွါသွားကြပြီးတဲ့နောက်မှာ နေပြည်တော်မှာ အစည်းအဝေးတရပ်ကို လျှို့ဝှက်ထိုင်ကြတယ်လို့ သိရတယ်။ နေပြည်တော်တိုင်းမှူး ဝေလွင်က ဗိုလ်ချုပ်မှူးကြီးကို အိန္ဒိယနိုင်ငံက ဒီမိုကရေစီအတိုက်အခံတွေ ။ အိန္ဒိယနိုင်ငံသားတွေ ဆန္ဒပြနေတာကို ဆွေးနွေးကြတယ်။ ဒီ့နောက်မှာ သူတော်စင်မဟတ္တမဂန္ဒီကြီးရဲ့ အုဌ်ဂူကို ဆုတောင်းအမျှဝေပေးဖို့ရာမှာ စစ်ယူနီဖေါင်းနဲ့ ဂါဝရမပြုရခြင်း အကြောင်းများကို ဆက်ပြီးဆွေးနွေးကြတယ်လို့ သိရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖိတ်ကြားတဲ့အတွက် စစ်ယူနီဖေါင်းနဲ့သာ အခန်းအနားနဲ့ ကြိုဆိုရာမှာ အခုလို ဒိမိုကရေစီနိုင်ငံက တိုက်ပုံအင်င်္ကျီနဲ့ တက်ရောက်စေတာဟာ ၂၀၁၀ ပြီးရင် သမ္မတ ဦးသန်းရွှေအဖြစ် နိုင်ငံတကာကိုပါ အသိပေးခြင်းမျိုးလားဆိုပြီး ဝေဖန်ကြတယ်လို့လဲ သိရတယ် တိုင်းမှူးဝေလွင်ဟာ အရင်က ဗိုလ်ချုပ်ကြီးခင်ညွန့်လို လက်စောင်းထက်သူဖြစ်ပြီး နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံတော်ဖြစ်တယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခြေအနေတွေကို ပြောင်းလဲသွားစေတဲ့ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နိုင်ငံတကာမှာ သိက္ခာကျလောက်အောင် ဆန္ဒပြခြင်း၊ကန့်ကွက်ခံရခြင်းများကို ခံရခြင်းအတွက် နေပြည်တော်ကဗိုလ်မှူးတွေက တော်တော်ကလေး စိတ်ပျက်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုင်းမှူးဝေလွင်ကို အာဏာသိမ်းဖို့ တိုက်တွန်းကြတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း မစ္စတာသပ်ဆင်ရှင်နာဝပ်ကို ကမ္ဘာ့ကုလသမဂ္ဂညီလာခံ တက်ရောက်နေစဉ် အာဏာသိမ်းယူခဲ့တဲ့ဖြစ်ရပ်တွေ ရှိနေခဲ့တာမို့ ထိုင်းနိုင်ငံက ဗိုလ်ချုပ်တွေနဲ့လဲ ဆက်သွယ်ကမ်းလှမ်းနေတယ်လို့ နေပြည်တော်က လာတဲ့သတင်းအရ သိရတယ်။ ရန်ကုန်မှာဖြစ်နေတဲ့ ပိဋကတ်တိုက်ပြသနာကိုလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူလာမှ ရှင်းမယ်၊ လွှတ်ပေးထားလိုက်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့  တော်ဝန်ဟောင်းဦးကိုလေးက အာဏာသိမ်းမှူကို ညွှန်ကြားနေခြင်းဖြစ်ပြီး နေပြည်တော်မှ ဦးကောင်းမြတ် ဆိုသူလဲ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဦးကောင်းမြတ် ဆိုသူဟာ ဘယ်သူလဲ ဆိုတာကို ခုအချိန်ထိ စုံစမ်းလို့ မရသေးဘူးလို့ ဆိုပါတယ်။ သျှမ်းပြည်တပ်မတော် ( မြေက်ပိုင်း ) ကလဲ ပြည်သူ့စစ်တပ်ဖွဲ့စည်းဖို့ မဖြစ်နိုင်သေးလို့ နယ်စပ်ဒေသတင်းမာမူဖြစ်နေချိန် အခုလို အာဏာ သိမ်းမှူတွေ ပြုလုပ်မဲ့ သတင်းတွေ ကြားနေရတာကြောင့် ရှမ်းပြည်နယ်တိုင်းမှူးအောင်သန်းထွဋ်က နေပြည်တော်သို့ စစ်ကြောင်းများဖြင့် ဆင်းသွားပြီလို့လဲ ကြားသိရပါတယ်။ ဗိုလ်ချုပ်အောင်သန်းထွဋ်ဟာ နေပြည်တော်တိုင်းမှူးဝေလွင်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ပဏာမစားသူဖြစ်ကြောင်း အခြားစစ်ဖက်ဆိုင်ရာသတင်းရပ်ကွက်များက ဆိုပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ နေပြည်တော်မှာ အာဏာသိမ်းမှူဖြစ်မဲ့အကြောင်းကို အရိပ်အမြွက် သိကုန်နေကြပြီး တပ်မတော်အတွင်း ပေါက်ကွဲမူတွေကြောင့် သွေးထွက်သံယိုမှူများ ဖြစ်ကုန်မလား ဆိုပြီး စိုးရိမ်နေကြပါတယ်။ တိုင်းနှင့် ပြည်နယ်အဆင့်ထိကို နေပြည်တော်က အာဏာသိမ်းမှူသတင်းတွေ ခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၏ နေအိမ်အနီးတ၀ိုက်မှာ လုံခြုံရေးများ ချထားတယ်လို့ နိုင်ငံရေးရပ်ကွက်တွေက လာတဲ့သတင်းအပေါ် ကိုးကားနေကြပါတယ်။ ဦးတင်ဦးဟာ အရင်က ကာကွယ်ရေးစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူမို့ အခုလို တပ်တွင်းပုန်ကန်မှူဖြစ်ပြီး တိုင်ျးမှူးဝေလင်းက အာဏာသိမ်းရန် အစည်းအဝေးထိုင်ပြီး ကြိုးပမ်းနေခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစုံတရာဖြေကြားဖို့ ငြင်းဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံကို ၅ ရက်တာခရီးမသွားခင်ကတည်းက နေပြည်တော်အတွင်း တိုင်းမှူးတွေ နဲ့ စစ်တိုင်းမှူးတွေဟာ နိုင်ငံတကာဖိအားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အရေး ဆွေးနွေးကြရာမှ အခုလို ပြသနာကြီးထွားသွားရခြင်းဖြစ်ကြောင်း သတင်းထွက်ပေးနေပါတယ်။ ဒါပေမဲ့ ရွေေးကာက်ပွဲကော်မရှင်က နေပြည်တော်ရဲ့ တပ်တွင်းပြသနာများကို ပြည်သူတွေနှင့် နိုင်ငံတကာက မရိပ်မိအောင် ရွေးကောက်ပွဲနေ့ရက်ကို ကြေညာတော့မယ် ဆိုပြီး အသံတွေထွက်ပေးနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ အာဏာအရှိဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ခရီးစဉ် တလျောက်လုံးဘာမှ ထုတ်ဖေါ်မပြောဘဲ နေခြင်းကိုကြည့်ပြီး သိသာနိုင်ပါတယ်။ နေပြည်တော်က အာဏာသိမ်းရန်ကြိုးစားနေတာကို စုံစမ်းခိုင်းနေပြီလို့ သိရပါတယ်။ ဒါပေမဲ့ တိုင်းမှူးဝေလွင်ကတော့ အခုအချိန်ထိ နေပြည်တော်မှာ လုံခြုံရေးအပြည့်နဲ့ နေရာယူထားကြောင်း ကြားသိရပါတယ်

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management