ဒီနေရာရာ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအချက်အချာ ဒေသ ဖြစ်သလို၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံသဘောအရ နိုင်ငံရေး-ပထဝီရေးအရ နှလုံးသည်းပွတ်သဖွယ် အချက်အချာ ကျတဲ့ ဗဟိုချက်မဒေသလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုဗမာဘုရင်တွေရဲ့ ထီးနန်းမြို့တော်တွေ ပြောင်းရွှေ့ကြတဲ့ အခြေခံအကြောင်းကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က ခြုံငုံလို့ အကြောင်း ၅- ခုအဖြစ် ထုတ်နှုတ်သုံးသပ် ထားပါတယ်။
ပထမအကြောင်းကတော့ လုံခြုံရေး- စစ်ရေးမဟာဗျူဟာအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆိုင်ယမ်လို့ခေါ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်အင်ပိုင်ယာ၊ အိန္ဒိယအရှေ့မြောက် ပိုင်းက မြို့ပြနိုင်ငံတွေ ကျူးကျော်လာမယ့်အရေးကို ကြည့်ကြတာရှိသလို၊ မဟာဗျူဟာကျတဲ့ ပြည်တွင်းစစ်ပွဲ ပဋိပက္ခတွေ၊ မွန်-ရှမ်း-ရခိုင် စတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေအရေးကိုလည်း ကြည့်ကြပါတယ်။ ရန်ဖက် အင်အားစုတွေကို နှိပ်ကွပ်ထားနိုင်ဖို့၊ မိမိသြဇာ အာဏာကိုစုစည်းနိုင်ဖို့ ထီးနန်းစိုက်ရာ နေရာရွေးကြပါတယ်။ ဥပမာအားဖြင့်- တောင်ငူမင်းဆက် (သက္ကရာဇ် ၁၄၈၆ ခုနှစ်ကနေ ၁၇၅၂) ခုအထိ၊ ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂ ကနေ ၁၈၈၅ ခုနှစ်အထိ) က ဒီလို စဉ်းစားချက်တွေနဲ့ မြို့တော်ထီးနန်းစိုက်ရာ ရွေးချယ်ခဲ့ကြ တာပါ။
တောင်ငူက ခံတပ်ကောင်းဖြစ်သလို၊ တရုတ်အရေး- ရှမ်းလူမျိုးတွေရဲ့ သြဇာကင်းရေးကို ကြည့်ပြီး စစ်တောင်းမြစ်ဝှမ်းမှာ ထူထောင်ခဲ့ကြတာပါ။ အလောင်းဘုရား ဦးအောင်ဇေယျတည်ခဲ့တဲ့ ရွှေဘို ကုန်းဘောင် နန်းဆက်ဟာလည်း မူးမြစ်ဝှမ်းမှာ အခြေစိုက် တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါအပြင် နန်းတွင်းရေး၊ အာဏာပြိုင်မယ့်၊ အာဏာလုမယ့် အင်အားစုတွေကို တွက်ဆနေရာချတာလည်း ရှိခဲ့ပါတယ်။
ဒုတိယအကြောင်းကတော့ အင်အားအာဏာ စုစည်းလိုတဲ့အကြောင်း၊ ဘုန်းတန်ခိုး ပြလိုတဲ့အကြောင်းနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြို့တော်ပြောင်းတာ ဖြစ်ပါတယ်။ ဗမာဘုရင်တွေက ဗောဓိသတ္တ ဘုရားလောင်း မင်း၊ စကြာဝတေး မင်းအပေါင်းကို အောင်နိုင်တဲ့မင်းအဖြစ် သူတို့တန်ခိုးထွားလာရင် ယူဆကြပါတယ်။ အဲသည်လို ဘုန်းတန်ခိုးနဲ့ လျှော်ညီစွာ မင်းနေပြည်တော် တည်ဆောက်ကြတာလည်း ရှိပါတယ်။ ဥပမာ တခု ကတော့ တောင်ငူဘုရင် တပင်ရွှေထီးက သြဇာထွားလာတဲ့အခါမှာ မွန်တို့ဒေသကိုသိမ်းပိုက်ပြီး ၁၅၄ဝ မှာ ပဲခူးကို နန်းမြို့ရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် သက်ဦးဆံပိုင်ဘုရင်တွေရဲ့ သြဇာကို အမြဲတစေခြိမ်းခြောက်နေ တဲ့ နန်းတွင်းရေးကိစ္စတွေလည်း ရှိတတ်ပါတယ်။ ဘုရင်အများစုက ပုန်ကန်ထီးနန်းဖြုတ်ချခံရတာ ရှိခဲ့ပြီး၊ အင်အားကောင်းတဲ့ မင်းညီမင်းသားတွေပဲ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နန်းတွင်းရန်တွေကို စိုးရိမ်ပြီး ကုန်းဘောင်မင်းဆက်မှာပဲ ရွှေဘို၊ အင်းဝ (အဝ)၊ အမရပူရ၊ မန္တလေး စသဖြင့် ပြောင်းခဲ့တာတွေလည်း ရှိပါ တယ်။
တတိယအကြောင်းကတော့ ဗုဒ္ဓရဲ့ ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့နေရာ၊ ဗေဒင်ဟူးရား ပုဏ္ဏားတွေ အကြံပေးချက် တွေကြောင့် ပြောင်းကြတာ ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာက ဗုဒ္ဓဘာသာနဲ့ ကိုးကွယ်ယုံကြည်မှုက အရေးပါတဲ့ အခန်းက ရှိနေပါတယ်။ ဒါကြောင့် ဘုရားက ဗျာဒိတ်ပေးခဲ့တယ်ဆိုတဲ့ နေရာ၊ ယုံကြည်ချက် တွေကိုလည်း ထိန်းသိမ်းထား တတ်ကြပါတယ်။ ဘုရင်တွေက သူတို့သြဇာ အာဏာကြီးမှုကို ဆက်လို့ သိဒ္ဒိ တင်ချင်တယ်ဆိုရင် ရှေးရိုးစဉ်လာတွေကို ထိန်းသိမ်းကြောင်းပြလေ့ရှိပါတယ်။ ဘုရင်တွေ အိမ်မက်မြင်မက် ရင်လည်း ပုဏ္ဏားဟူးရားတွေက အဓိပ္ပါယ်ဖော်လို့ အကြံပေးကြပါတယ်။ တန်ခိုးကြီးသောမင်းသည် မြို့ဟောင်းကိုစွန့်၍ မြို့သစ်ကို ပြောင်းလတံ့ဆိုတဲ့ စာဆိုတွေလည်း ရှိခဲ့ပါတယ်။ ဘိုးတော်ဘုရားလက်ထက်မှာ ၁၇၈၃ ခုနှစ်မှာ (မသေသော မြို့တော်) လို့ အဓိပ္ပါယ်ရတဲ့ အမရပူရကို တည်ခဲ့သလို၊ ဘကြီးတော်မင်း လက်ထက် ၁၈၂၃ မှာ အမရပူရကနေ အင်းဝကို ပြန်ပြောင်းပါတယ်။
တခါ မင်းတုန်းမင်းလက်ထက်မှာ မန္တလေးရတနာပုံ နေပြည်တော် ကို ၁၈၅၇ ခုနှစ်မှာ တည်ခဲ့တဲ့ကိစ္စတွေက ဗုဒ္ဓဘုရားရှင်က ဗျာဒိတ်ပေးခဲ့တယ်၊ ဗေဒင်ကိန်းခန်း တွေကဆိုတဲ့ အပေါ် အခြေခံတာလည်း ရှိပါတယ်။
စတုတ္ထအကြောင်းကတော့ စိုက်ပျိုးရေးဖြစ်ထွန်းရာ၊ ကုန်းတွင်းပိုင်း နေရာကို ရွေးကြတာပါ။ ကိုလိုနီခေတ် မတိုင်မီ ကာလအထိ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်းသာပဲ ရှိပါတယ်။ တိုင်းပြည်ဝမ်းစာ ကိစ္စကိုလည်း ထည့်စဉ်းစားကြပါတယ်။ ဒါကြောင့်လဲ စိုက်ပျိုးရေးဖြစ်ထွန်းရာကို ရွေးချယ်ကြတာ မဆန်းပါဘူး။ အင်းဝဆိုရင် မြစ်ငယ်နဲ့ ဧရာဝတီမြစ်ဆုံကြား၊ မန္တလေးဆိုရင် ဆန်စပါးဖြစ်ထွန်းရာ ကျောက်ဆည်ကို ကျော ထောက်နောက်ခံပြုလို့ ဧရာဝတီ နဲ့လည်းနီး၊ နန္ဒာကန် ရွှေပြည်ကန်တွေ ရှိရာအရပ်ကို ရွေးချယ်ထားခဲ့တာပါ။
ပဉ္စမအချက်ကတော့ နိုင်ငံတကာဆက်ဆံရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိစ္စတွေကို ထည့်သွင်းစဉ်းစားတဲ့ နန်းစိုက်ရာ ရွေးချယ်မှုပါ။ တပင်ရွှေထီးက ပင်လယ်ထွက်ပေါက်နီးရာ ပဲခူးမှာ နန်းမြို့ပြောင်းရွှေ့စိုက်ခဲ့ပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေးကို ကြည့်တာပါသလို၊ ပေါတူဂီနဲ့ နိုင်ငံခြားသင်္ဘောတွေဆီက သေနတ်၊ မီးပေါက်၊ အမြောက်တွေ ဝယ်လိုတာလည်း ပါပါတယ်။ သူ့ကိုဆက်ခံတဲ့ ဘုရင့်နောင်လက်ထက်မှာတော့ ၁၅၆၄ ခုမှာ ဟံသာဝတီနန်းတော်ကို ပြန်လို့ဆောက်ခဲ့ပါတယ်။ ဟံသာဝတီဟာ တချိန်က သြဇာအကြီးဆုံးဖြစ်ခဲ့သလို၊ ဒေသတွင်း ပင်လယ်ကုန်သွယ်ရေး မှာလည်း အချက်အခြားဖြစ်ခဲ့ပါတယ်။ ၁၅၉၉ ခု ပဲခူးပျက်ပြီးနောက်ပိုင်းမှာ ပဲခူးကလည်း ရေကြောင်းတိမ်ကောလာပြီး၊ သံလျှင်က ပင်လယ်ထွက်ပေါက်ဖြစ်လာပါတယ်။ အဲဒီမှာပဲ ပေါ်တူဂီ ဒီဘရစ်တိုက ချုပ်ကိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းက ၁၆၁၁ ခုနှစ်မှာ သံလျှင်က ပေါ်တူဂီ တွေကို ချေမှုန်းအနိုင်ရခဲ့ပေမယ့် ပင်လယ်ထွက်ပေါက် ကျရာ ဒေသမှာ ထီးနန်းမစိုက်ကြတော့ပါဘူး။ ပိုလို့ အထက်အညာ ကုန်းတွင်းပိုင်းကျရာဒေသကို ရွေးချယ်ခဲ့ကြတာဟာ တဖက်က တိုင်းတပါးကျူးကျော်မှုအရေး ကို ထည့်စဉ်းစားတာ ပါသလို၊ တချိန်က ထွန်းပြောင်ခဲ့တဲ့ အတိတ်၊ ရိုးရာ ဓလေ့တွေနဲ့ ပြန်ဆက်စပ်ချင်တာ လည်း ပါပါလိမ့်မယ်။ နောက်ပိုင်းမှာ ဗြိတိသျှတွေက အောက်မြန်မာနိုင်ငံကို ရန်ပြု လာပြီးတဲ့နောက်ပိုင်းမှာ တော့ ဒီလိုတိုင်းတပါးအပေါ် စိုးရိမ်မှုတွေက ပိုကဲလာခဲ့ပါတော့တယ်။
ဗြိတိသျှက ကိုလိုနီပြု မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်းမှာတော့ မြန်မာမင်းဆက်တွေ နိဂုံးချုပ်ခဲ့ရပြီး၊ ဆိပ်ကမ်း ကူးသန်းရောင်းဝယ်ရေး အဓိကကျရာ ရန်ကုန်က မြို့တော်ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှတွေကို ရန်ကုန် ကို စနစ်တကျ မြို့ကွက်ချတည်ဆောက်ခဲ့ပြီး၊ လွတ်လပ်ရေးရပြီးသည့်တိုင် တောက်လျှောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံး အစည်ကားဆုံးမြို့၊ ကုန်သွယ်ရေး အချက်အချာအဖြစ် တည်ရှိခဲ့ပါတယ်။ ရန်ကုန်က ဘာသာရေး အရလည်း အထွဋ်အမြတ် ရွှေတိဂုံစေတီ တည်ထားရာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဗဟာဗျူဟာအရလည်း အချက်အချာ ဖြစ်ခဲ့ပါတယ်။ အခုတော့ စစ်အစိုးရက နေပြည်တော်ကို မြို့တော်ရွှေ့ခဲ့ပါပြီ။ နောက်အပတ်မှာတော့ ဘာဖြစ်လို့ နေပြည်တော်ကို စစ်အစိုးရက မြို့တော် ပြောင်းရွှေ့ခဲ့ရသလဲဆိုတဲ့ သုံးသပ်ချက်ကို ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
0 comments:
Post a Comment
Burma Youth's Islamic Center