နေပြည်တော်(၅)

             
                   ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ အခု စစ်အစိုးရလက်ထက်မှာ ကုန်းတွင်းပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်နဲ့ "နေပြည်တော်" မြို့တော်အသစ်ကို ပြောင်းရွှေ့ရတယ်ဆိုတဲ့ စာရေးသူရဲ့ သုံးသပ်ချက်ကို ဆက်လက် တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော်ကို မြန်မာစစ်အစိုးရက မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြောင်းကို ဒုတိယကဏ္ဍအနေနဲ့ ကုန်းတွင်း ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေနဲ့ ဆက်စပ်သုံးသပ်တင်ပြ ထားပါတယ်။ နိုင်ငံရေး-စစ်ရေးအကြောင်း တွေကြောင့် မြို့တော်သစ်ပြောင်းရတယ်ဆိုတာ ထင်ရှားပေမယ့် ကုန်းတွင်းပိုင်းကျတဲ့ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ ဒေသတိုးတက်လာစေရေးအတွက် ပြောင်းတာ ဖြစ်လေမလား ဆိုပြီး အချက်အလက်တွေနဲ့ သူက သုံးသပ် တင်ပြထားတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် စာရေးသူက အချက် (၃) ချက်ကို ဆွေးနွေးတင်ပြပါတယ်။ ပထမအချက်က စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်လိုတဲ့အကြောင်းလို့ ဆိုပါ တယ်။ ဒုတိယအချက်ကတော့ စွမ်းအင်နဲ့ သဘာဝရင်းမြစ် ထုတ်လုပ်ရေးကို ဖွံ့ဖြိုးစေလိုလို့ ဆိုပြီး သူကဆိုပါ တယ်။ တတိယအချက်ကတော့ သယ်ယူ ပို့ဆောင်ရေး စနစ်ကို ဖွံ့ဖြိုးစေချင်လို့ဆိုပြီး သုံးသပ်ပါတယ် ပထမအကြောင်းဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်လိုတဲ့အကြောင်းကို စာရေးသူက ဆွေးနွေးရာမှာ မြန်မာ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံတခု ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဒေသ အခု နေပြည်တော်မြို့ စိုက်ရာဒေသဟာ မြန်မာနိုင်ငံရဲ့ ဗဟိုချက်မ၊ ကုန်းတွင်းပိုင်းကျရာဒေသ ဖွံ့ဖြိုးဖို့လိုတယ်ဆိုပြီး စစ်အစိုးရက ယူဆ ထားပုံရတယ်လို့ သူက သုံးသပ်ပါတယ်။ မြန်မာစစ်အစိုးရ လက်ထက်မှာ ဆည်တွေ၊ တာတမံတွေ အများအပြား ဆောက်လုပ်ခဲ့တယ် ဆိုတာ ကတော့ အမှန်ပါပဲ။ လက်ရှိစစ်အစိုးရလက်ထက်မှာ ဆည်ပေါင်း ၁၅ဝ နီးပါးကို ဆောက်လုပ်ခဲ့ပြီး၊ စိုက်ဧက ၁. ၆၄ သန်းကို ရေပေးအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ စာရေးသူက ဆိုပါတယ်။ 
           လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကို ပံ့ပိုးပေးဖို့ ဆည်မြောင်းကန်ချောင်းတွေ ဖောက်လုပ်တာဟာ ရှေးဗမာ မင်းတွေလက်ထက် ကတည်းက ဆောင်ရွက်ခဲ့ကြတာ ဖြစ်လေတော့ အခုအစိုးရကလည်း ဒီအစဉ် အလာကို လိုက်လိုပုံရပါတယ်။ အဲဒါအပြင် အရင်က ဖူလုံရေးအတွက် စိုက်နေရာကနေ၊ အခုတော့ တိုးထုတ်နိုင်ရေး အတွက် စိုက်တာဖြစ်လာပါတယ်။ အရင် ၂ သီးစားစိုက်နေရာကနေ၊ ၁၉၉၂-၉၃ မှာ နွေစပါးအပါအဝင် ၃-သီး စိုက်စေတယ်လို့ ဆိုပါတယ်။ ဒီလိုဆည်မြောင်းတွေ တည်ဆောက်ရာမှာ စစ်တောင်း မြစ်ဝှမ်းလွင်ပြင်၊ မူးမြစ်ဝှမ်း၊ ပေါင်းလောင်းမြစ်ဝှမ်းလွင်ပြင်ဒေသတွေ၊ မြန်မာနိုင်ငံရဲ့ ခြောက်သွေ့ဇုန်တွေကို အဓိက ထားတယ်လို့ စာရေးသူ က သုံးသပ်ပါတယ်။ 
            အရင်တုန်းကတော့ စိုက်ပျိုးရေးဖြစ်ထွန်းရာ ကမ်းရိုးတန်းဒေသတွေ၊ ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာပဲ လူနေထူထပ်ခဲ့တာပါ။ အခုနေပြည်တော်ဒေသကို ပြောင်းပြီး ခြောက်သွေ့ဇုန်ကို ဖွံ့ဖြိုးလာအောင် လုပ်ခြင်းအားဖြင့် လူတွေက ပြန်ပြီးပြောင်းရွှေ့လာကြမယ်၊ ပိုပြီး မျှမျှတတဖွံ့ဖြိုးမှုပုံစံ ဖြစ်အောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်၊ ဒီလိုမြို့တော် ပြောင်းရွှေ့တဲ့ပုံစံက တူရကီ၊ ဘရာဇီးလ်၊ နိုင်ဂျီးရီးယားက မြို့တော်တွေ ပြောင်းရွှေ့ခဲ့တဲ့အကြောင်းနဲ့ တူတယ်ဆိုရမယ်လို့ သုံးသပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ စွမ်းအင်နဲ့ သဘာဝရင်းမြစ် ထုတ်လုပ်ရေးကို ဖွံ့ဖြိုးစေလိုလို့ ဆိုပြီး သူကဆိုပါတယ်။ သဘာဝ သယံဇာတတွေ တိုးတက်ထုတ်နိုင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးစေဖို့အကြောင်း ဖြစ်သလို၊ တဖက်မှာလည်း စစ်အစိုးရ အင်အားကြီးထွားစေဖို့ ဝင်ငွေရစေမှာ ဖြစ်ပါတယ်။ 
             နေပြည်တော်ကို ပြောင်းခြင်းအားဖြင့် တိုင်းရင်း သားဒေသတွေက သယံဇာတထုတ်လုပ်ငန်းတွေကို ပိုလက်လှမ်း မှီလာမယ်။ ကမ်းလွန်ကရတဲ့ သဘာဝ ဓာတ်ငွေ့အပြင် အခြားဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေကနေ ဝင်ငွေပိုရစေမယ်လို့ သူက သုံးသပ် ပါတယ်။ တဖက်မှာလည်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေ အကြီးအကျယ်တိုးချဲ့နေပြီး၊ ၂ဝ၃ဝ မှာ မြန်မာနိုင်ငံဟာ ရေအားလျှပ်စစ်ကို အခြေပြု စီးပွားဖြစ်တဲ့ နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတဲ့ ရည်ရွယ်ချက်ကိုလည်း ဖော်ပြပါတယ်။ လျှပ်စစ်မီးသာ ကောင်းကောင်းမလာတယ်၊ စစ်တောင်းမြစ်များသာမက၊ အခြားဒေသတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်နေတာ အများအပြား ဖြစ်ပါတယ်။ တတိယအချက်ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ဖွံ့ဖြိုးစေချင်လို့ဆိုပြီး သုံးသပ်ရာမှာတော့ စစ်အစိုးရ လက်ထက်မှာ လမ်း၊ တံတား အခြေခံအဆောက်အဦ စီမံကိန်းတွေ အထူးအလေးပေး ဆောက်လုပ်ခဲ့ပါတယ်။
             မြန်မာနိုင်ငံ တောင်-မြောက်ဖြတ်တဲ့လမ်း၊ အရှေ့-အနောက်ဖြတ်တဲ့ လမ်းမကြီးတွေကို ဆောက်လုပ်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာပဲ တံတားကြီးပေါင်း ၁၇ဝ ဖောက်လုပ်ခဲ့တယ်လို့ စာရေးသူက စုဆောင်းဖော်ပြပါတယ်။ ဒီလမ်းတွေက နိုင်ငံတွင်း ဆက်သွယ်ထားတဲ့ ကွန်ရက်တွေဖြစ်သလို၊ အာရှကိုဖြတ်သွားမယ့် လမ်းမကြီးနဲ့လည်း ချိတ်ဆက်ဖို့ ရည်ရွယ်ထားတယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ နေပြည်တော်ဟာ ပြည်တွင်းလမ်း၊ အာရှ လမ်းမကြီးရဲ့ ဆုံချက်ဖြစ်လေမလားလို့တောင် သူက ဆိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့ အမျှ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးတွေ ချိတ်ဆက်တိုးတက် စေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မောင်အောင်မျိုးဆွေးနွေးထားတဲ့ ဘာကြောင့်နေပြည်တော်ကို မြို့တော်ပြောင်းရသလဲဆိုတဲ့ စာတန်း သုံးသပ်ချက်မှာတော့ ဒီလိုသုံးသပ်ချက်မျိုး မတွေ့ရပါဘူး။ 
              အဲဒါအပြင် စာရေးသူရဲ့ သုံးသပ်ချက်ကလည်း သိပ်ပြီး မခိုင်လုံလှဘူးလို့ ကျနော်သုံးသပ်မိပါတယ်။ သူက မြန်မာစစ်အစိုးရကို "ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ အစိုးရမျိုး" (Development regime) လို့ သုံးသပ်တာကိုက ကျနော် သဘောမတွေ့မိပါဘူး။ စစ်အစိုးရက သူတို့ကိုယ်သူတို့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ နာမည်တပ်ထားတာတော့ ရှိပါတယ်။ တကယ်ဖွံ့ဖြိုးမှုကို ဆောင် ကျဉ်းနိုင်-မနိုင်ဆိုတာက နောက်ထပ်မေးခွန်းတခု ဖြစ်ပါတယ်။ နောက်တခုက စီးပွားရေး ဖွံ့ဖြိုးစေချင်တယ် ဆိုရင်ဖြင့် အခုလို ဂလိုဘယ်လိုက်ဇေးရှင်းကာလ၊ ကမ္ဘာကြီးနဲ့ ပိုလို့ဆက်ဆံစရာလိုတဲ့ ကာလမှာ ဆိပ်ကမ်း၊ ဆက်သွယ်ရေးဆုံချက်တွေ၊ ကုန်သွယ်မှု အခွင့်အလမ်းတွေကို ပိုလို့ ထည့်သွင်းစဉ်းစားရမှာပါ။ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအခြေအနေက ကိုယ့်လူထုတွေသာ အသိဆုံးဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးအတွက် ရေနက်ကွင်းတွေလုပ်ပါတယ်။ နွေစပါးကိစ္စတွေလုပ်ပါတယ်။ ဒါပေမယ့် လယ်ယာဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ သွင်းကုန်၊ မြေသြဇာ၊ နည်းပညာ၊ စက်မှု၊ ချေးငွေ ရနိုင်တဲ့ကိစ္စ၊ ကျိတ်ခွဲတင်ပို့ရေးကိစ္စတွေကို ပံ့ပိုးပေးမှု နည်း လှတော့ ထင်တိုင်းမပေါက်လှပါဘူး။ 
              တဖက်မှာ ဈေးကွက်ကို ထိန်းချုပ်ထားတော့လည်း အကျိုးရရှိခံစားသင့် သလောက် မခံစားနိုင်ကြပါဘူး။ ဒီအချက်အချို့ကို စာရေးသူကတင်ပြထားပေမယ့်၊ စစ်အစိုးရ ရည်ရွယ်ချက်ကို ပိုတွက်ထားသလို ဖြစ်နေပါတယ်။ နောက်တခါ ရေအားလျှပ်စစ်နဲ့ သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အကြီးအကျယ် လုပ်ကိုင် နေပေမယ့် မြန်မာပြည်သူတွေထက်စာရင်၊ ပြည်ပကို ရောင်းစားဖို့ ရည်ရွယ်ချက်က ပိုများနေပါတယ်။ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံ အဆောက်အဦတွေကိစ္စ တိုးတက်စေဖို့ လုပ်နေတယ်ဆို ပေမယ့် စီးပွားရေးပညာရှင်တယောက် သုံးသပ်ထားတာက အခုနှစ်ပိုင်းတွေမှာ အခြေခံအဆောက်အဦ ဆောက်လုပ်ရေး လုပ်ငန်းတွေက နေပြည်တော်တခုထဲမှာ ကွက်ပြီးများနေတယ်၊ အခြားဒေသတွေမှာ ရှက်စရာ ကောင်းလောက်အောင် နည်းနေတယ်လို့ သုံးသပ်ထားတာလည်း ဖတ်ရဖူးပါတယ်။ ပြည်ပ အာရှအဝေးပြေး လမ်းမကြီးနဲ့ ချိတ်ဆက်ဖို့ဆိုတာကလည်း အိမ်မက်သဖွယ်ပဲ ရှိနေပါသေးတယ်။ ၂ဝဝ၅ ခုနှစ်ကစလို့ နေပြည် တော်ကို မြို့တော်ပြောင်းရွှေ့ခဲ့ပေမယ့် စစ်အစိုးရပြောသလို ဖွံ့ဖြိုးတိုးတက်မှုတွေ ပြည်သူတွေ ဘယ်လောက် အထိခံစားနိုင်ပြီလဲ ဆိုတာ ပြည်သူတွေ အသိဆုံးပဲ ဖြစ်ပါတယ်။ ကျနော်ကတော့ စာရေးသူရဲ့ သုံးသပ်ချက် တွေ က သိပ်မခိုင်လုံလှဘူးလို့ပဲ ဆိုချင်ပါတော့တယ်။ နောက်တပတ်မှာတော့ ဒီစာအုပ်ထဲက မြို့တော်သစ်ပြောင်းရခြင်းရဲ့ ယဉ်ကျေးမှု- စိတ်ဓာတ်ရေးရာအကြောင်း တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
       (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management