နေပြည်တော်(၂)

                  ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Dulyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို ဦးအောင်သူငြိမ်းက တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ မြို့တော်တခုမှာ ဘယ်လိုအင်္ဂါရပ်တွေ ရှိသင့်သလဲ၊ မြို့တော်တွေကို ဘယ်လို အခြေအနေ တွေမှာ ပြောင်းရွှေ့ကြသလဲဆိုတဲ့ လေ့လာချက်ကို တင်ပြပါမယ်။ သောတရှင် မိတ်ဆွေများခင်ဗျား။ မြို့တော်တခုဆိုတာ ဘယ်လိုအင်္ဂရပ်တွေ ရှိသင့်သလဲ၊ အစိုးရတွေက ဘယ်လိုအခြေအနေမျိုးမှာ သူတို့နိုင်ငံ တွေရဲ့ မြို့တော်တွေကို ပြောင်းရွှေ့ကြသလဲဆိုတာကို စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က စာအုပ်အဖွင့်မှာ ဆွေးနွေးထားပါတယ်။ နိုင်ငံရဲ့မြို့တော်တွေနဲ့ ပတ်သက်လို့ သီးသီးသန့်သန့်လေ့လာထားတဲ့ ပညာရပ်ဆိုင်ရာ စာပေတွေ မရှိဘူးလို့ စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် အခြားပညာရပ်နယ်ပယ်တွေဖြစ်တဲ့ ဗိသုကာပညာ၊ သမိုင်းပညာ၊ နိုင်ငံရေးသိပ္ပံ၊ မြို့ပြအစီအစဉ် ရေးဆွဲတဲ့ပညာ၊ လူမှုရေးဗေဒ၊ နိုင်ငံရေးပထဝီဝင်ပညာတွေအရ ကဏ္ဍအသီးသီးက လေ့လာထားမှုတွေတော့ ရှိကြပါတယ်။ အရင် အတိတ်ကာလ သက်ဦးဆံပိုင်ဘုရင်စနစ်တွေ တုန်းကတော့ မြို့တော်ဆိုတာ ဘုရင်ရဲ့ ထီးနန်းစိုက် စိုးစံရာ နေရာ ဖြစ်ပါတယ်။ ဘုရင်ပြည့်ရှင်မင်းရဲ့ အာဏာ ဗဟိုချက်မဖြစ်ပြီး၊ အာဏာနဲ့ လျော်ညီစွာ ထီးနန်းအဆောင် အယောင်တွေလည်း ရှိကြပါတယ်။ ဥပမာ မုခ်ဦး၊ ဂိတ်တံခါး၊ နန်းမြို့ရိုး စသဖြင့်ပါ။ ဒီဖက်ခေတ်သစ် လူမှုအဖွဲ့အစည်းတွေ မှာတော့ မြို့တော်ဆိုတာ အာဏာရဲ့ အထိန်းအမှတ်အဖြစ်၊ တိုင်းပြည်ရဲ့ အရေးပါတဲ့ မူဝါဒတွေကို ဆုံးဖြတ်ချက်ချမှတ်ရာ နေရာ အဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပေမယ့်၊ အရင်က နန်းမြို့ရိုး၊ ဂိတ်တံခါးတွေကို အခုခေတ်သစ် မြို့ပြ အစီအစဉ် ရေးဆွဲမှု၊ တရား ဥပဒေ စိုးမိုးမှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။ စာရေးသူ ဒူယာပက်က လေ့လာပြီး အမျိုးအစားခွဲခြားထားရာမှာတော့ မြို့တော် အမျိုးမျိုး ရှိတယ်လို့ဆိုပါတယ်။ ပထမ အမျိုးအစားကတော့ ထာဝရတည်တံ့နေတဲ့ သမိုင်းဝင်မြို့တော်မျိုးပါ။ ဥပမာ လန်ဒန်၊ ရောမ၊ အေသင် စသဖြင့် မြို့တော်တွေပါ။ ဒုတိယအမျိုးအစားကတော့ ခုမှ အသစ်တည်ဆောက်မိတ်ဆက်တဲ့ မြို့တော်တွေပါ။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို ပြချင်လို့၊ အရင် ကိုလိုနီအတိတ်ကနေ ခွဲထွက်ပြီး အမျိုးသားရေး ဂုဏ်ပုဒ် တခုအနေနဲ့ ပြချင်လို့ တည်တဲ့ မြို့တော်တွေဖြစ်ပြီး အာဖရိကတိုက်က ဆွာဇီလန် နိုင်ငံမြို့တော် အမ်ဘာဘိန်း၊ ရဝမ်ဒါမြို့တော် ကီဂါလီလို မြို့တော်မျိုးပါ။ အဲဒါ အပြင် ပြည်နယ်တွေအကြား ညှိနှိုင်းအပေးအယူလုပ်ကြပြီး မြို့တော်အသစ်တည်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ-သြစတြေလျက ကင်ဘာရာ၊ ကနေဒါနိုင်ငံက အော့ တဝါတို့က အသစ်တည်ကြတဲ့ မြို့တော်တွေပါ။ တတိယအမျိုးအစား ကတော့ ခွဲခြားထားတဲ့မြို့တော်တွေ လည်း ရှိပါတယ်။ ဥပမာ- ဘိုလစ်ဗီးယားနိုင်ငံမှာ လာပက်ဇ်နဲ့ ဆူကာ မြို့တော်တွေက အပြင်းအထန်ပြိုင်ဆိုင်မှုတွေ ရှိနေလို့ အစိုးရလုပ်ငန်းတာဝန်တွေကို ခွဲဝေပြီး နေရာချပေးထားတာမျိုးလည်း ရှိပါတယ်။ တောင်အာဖရိက နိုင်ငံမှာလည်း ပရီတိုးရီးယားကို အုပ်ချုပ်ရေး တာဝန်တွေနဲ့ မြို့တော်၊ ကိပ်တောင်းကို ဥပဒေပြုရေးကိစ္စအတွက် လွှတ်တော်အခြေစိုက်ရာ မြို့တော်အဖြစ် ခွဲခြားထားတဲ့ သဘောပါ။ အဲဒါအပြင် မြို့တော်တွေရဲ့ လုပ်ငန်းတာဝန်၊ အသုံးကျပုံကလည်း အမျိုးမျိုး ရှိသေးတယ်လို့ ဆိုပါတယ်။ တချို့ မြို့တော်တွေက ကုန်သိုလှောင်ရုံသဘောမျိုး တာဝန်ယူပါတယ်။ ဥပမာ- စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ မြစ်ဝှမ်းလွင် ပြင်က ထွက်တဲ့သီးနှံတွေကို ကုန်သွယ်ရေးအတွက် ဗဟိုချက်မလို တာဝန်ယူတဲ့ မြို့တော်မျိုးပါ။ တချို့မြို့တော် တွေကျတော့ ထိုးစစ်-ခံစစ် ကောင်းရာကို ရွေးထားတဲ့ စစ်ရေးသဘောအသုံးဝင်တဲ့ မြို့တော်တွေလည်း ရှိပါ တယ်။ ခံတပ်မြို့တော်တွေလို့ ဆိုရမှာ ပေါ့ခင်ဗျာ။ နောက်တခုကတော့ ဘာသာရေးအရ အထွဋ်အမြတ်ထား ကြတဲ့ မြို့တော်တွေ ဖြစ်ပါတယ်။ သီရိလင်္ကာက ဗုဒ္ဓြွစွယ်တော်ရှိရာ ကန္ဒီနဲ့ မြန်မာနိုင်ငံက ပုဂံ၊ တိဘက်တွေရဲ့ လာဆာမြို့တော်၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာဝင်တွေရဲ့ မက္ကာနဲ့ ဂျေရုဆလင်လို မြို့တော်တွေလည်း ရှိပါသေး တယ်။ 
                      နောက်တခုက စာရေးသူက ဖန်တီးထားတဲ့မြို့တော် တွေလည်း ရှိသေးတယ်ဆိုပါတယ်။ စနစ်တကျ မြို့ပြ အစီအစဉ်တွေရေးဆွဲ တည်ဆောက်ထားတဲ့၊ ဗိသုကာပညာ အဆန်းတကျယ်တွေ ကွန့်မြူးထားတဲ့ မြို့တော် တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- သြစတြေလျက ကင်ဘာရာ၊ ဘရာဇီးလ်က ဘရာဆီးလီးယား၊ စပိန် ဒုတိယမြောက် ဖိလစ်ဘုရင်တည်ထားတဲ့ မက်ဒရစ်မြို့တော်၊ ရုရှားက ပီတာ ဘုရင်တည်ထားတဲ့ စိန့်ပီတာ စဘာ့ဂ်မြို့တော်မျိုး ဖြစ်ပါတယ်။ အဲဒါအပြင် အုပ်ချုပ်သုတွေ၊ မင်းဘုရင်တွေက မြို့တော်တည်ဆောက်ဖို့ စဉ်းစားကြတဲ့အခါမှာ ထည့်သွင်းစဉ်း စားလေ့ရှိတဲ့ နှလုံးအိမ်ပမာ ဗဟိုချက်ချာကျတဲ့ ဒေသ (Core area) သဘောကိုလည်း စာရေးသူက ထည့်သွင်း ဖော်ပြပါတယ်။ နိုင်ငံရေး-ပထဝီဝင်သဘောအရ အရေးပါတဲ့ဒေသပါ။ ဥပမာပေးဖော်ပြရရင်တော့ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသ ဖြစ်ပြီး၊ အဲသည်မြစ်ကြောင်းလွင်ပြင်တလျှောက်မှာပဲ ထီးပြိုင်နန်းပြိုင်၊ နန်းတော်မြို့ပြတွေ ပေါ်ပေါက်ခဲ့ကြဖူးပါတယ်။ အဲဒါအပြင် မြို့တော်တွေတည်ရင်၊ မြို့တော်တွေ ပြောင်းရွှေ့အခြေချမယ်ဆိုရင် ထည့်သွင်းစဉ်းစားလေ့ ရှိတဲ့အချက် တွေလည်း ရှိကြပါတယ်။ တခုကတော့ လုံခြုံရေးနဲ့ စစ်ရေးအကြောင်း တွေပါ။ တချိန်က ဆိုဗီယက်ရုရှားမှာ ဘောလတစ် ပင်လယ်က တိုက်ခိုက်လာမယ့် ရန်အရေးကို ကြောက်လို့ မြို့တော်ကို စိန့်ပီတာစဘာ့ဂ်ကနေ ပိုလို့ ကုန်းတွင်းကျတဲ့ မော်စကိုကို ရွှေ့ခဲ့တာမျိုးပါ။ မြန်မာ့သမိုင်းမှာလည်း ပုဂံကို မွန်ဂိုတွေ ဝင်ရောက်ဖျက်ဆီးပြီးနောက်ပိုင်း၊ ရှမ်းတွေ သြဇာချဲ့ထွင်လာတာကို ရှောင်ကွင်းနိုင်အောင် စစ်တောင်းမြစ်ဝှမ်းတောင်ငူမှာ မြို့ပြတည်ထောင်ခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ်။ ဒုတိယအကြောင်းရင်း ကတော့ အာဏာအင်အား ဖော်ပြလိုမှုနဲ့ နိုင်ငံရေးဖွဲ့စည်းမှုအနေအထားအရ မြို့တော်တွေ ပြောင်းရွှေ့ကြတာ ဖြစ်ပါတယ်။ 
               နိုင်ငံရေးအရ စင်ပြိုင်အင်အားစုတွေ၊ အခြားသြဇာတွေကို တွက်ဆရွှေ့ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဒီမြို့တော်တခုရဲ့ အုပ်ချုပ်မှုအောက်မှာ နေရပေမယ့် အချို့တိုင်းရင်းသား အုပ်စုတွေက အိမ်နီးချင်းနိုင်ငံတွေက မြို့တော်တွေကို တိမ်းညွှတ်နေကြတာလည်း အများအပြားပါ။ နောက်အချက်ကတော့ ကိုလိုနီ ဆန့်ကျင်ရေး အမျိုးသားရေး ဇာတိပုညဂုဏ်မာန ပြချင်လို့ပြောင်းတာ၊ နိုင်ငံတကာ ဆက်ဆံရေး အနေအထားအရ ပြောင်းတာတွေလည်း ရှိပါတယ်။ တခါတလေ စီးပွားရေးပိုမို ဖွံ့ဖြိုးရာကို မြို့တော်ပြောင်းတာ ရှိသလို၊ သဘာဝကပ်ဘေး တွေကြောင့် မြို့တော်ပြောင်းရတာတွေလည်း ရှိခဲ့ပါတယ်။ ရေကြီးလို့၊ မိုးခေါင် ရေရှားလို့၊ ငလျင်ကြီးလှုပ်လို့၊ သရောကြီး ခိုင်းလို့ မြို့တော်ရွှေ့ခဲ့ကြတာကလည်း အများအပြား သမိုင်းမှာ တွေ့ခဲ့ ရပါတယ်။ အဲဒါအပြင် အခုဒီဖက်ခေတ်မှာတော့ မက်ထရိုပိုလီတန်လို့ ခေါ်တဲ့ မြို့ပြကြီးတွေရဲ့ ရှုပ်ထွေး များမြောင်တဲ့ ပြဿနာတွေကြောင့် အုပ်ချုပ်ရေး ထိရောက် လွယ်ကူအောင် ပြောင်းရွှေ့ကြတာလည်း ရှိပါတယ်။ 
                          ဥပမာ- မလေးရှားအစိုးရက အုပ်ချုပ်ရေးကိစ္စတွေကို ပူထရာ ဂျယာ မြို့တော်ကို ပြောင်းခဲ့သလိုမျိုးပါ။ ဒီဖက် ၂၁-ရာစု မှာတော့ မြို့တော်ကို နေရာအသစ်ပြောင်းဆောက်တာထက်စာရင် ဂလိုဘယ်လိုက်ဇေးရှင်းသဘော ကမ္ဘာနဲ့ ပိုမိုထိစပ်ဆက်နွယ်လာမှု၊ ကုန်သွယ်မှု၊ ဈေးကွက်စီးပွားရေး ကိစ္စတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ အကြား ပိုလို့ တုံ့ပြန်မှုမြန်ဆန်နိုင်အောင် မြို့တော်စနစ်တွေကို အသားပေးဆောင်ရွက်လာကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ကြီးကို စွန့်ပစ်ထားခဲ့ပြီး၊ နေပြည်တော်ကို တခမ်းတနားဆောက်နေကြပါတယ်။ ဆိပ်ကမ်းမနီး၊ လမ်းပန်းခရီးထောက်တဲ့အရပ်မှာ အတင်းအဓမ္မ စည်ကားအောင်လုပ်နေကြပါတယ်။ တိုင်းပြည် အရင်းအမြစ်တွေကိုလည်း ပုံအောသုံးလို့ မြို့တော်ဆောက်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ နောက်တပတ် မှာတော့ မြန်မာ့သမိုင်း၊ ဗမာ့သမိုင်းတလျှောက် နန်းမြို့တော်တွေ ပြောင်းရွှေ့ခဲ့ပုံကိုသမိုင်းကို ဆက်လက် တင်ပြပါဦးမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ 
             (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

0 comments:

Post a Comment

Burma Youth's Islamic Center

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Online Project management